ပုဂံနယ်မြေရဲစခန်းမှထွက်လာသည့် ရဲများပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

ပုဂံနယ်မြေရဲစခန်းမှထွက်လာသည့် ရဲများပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ တရားရုံးထုတ်အတွက်လာစဉ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက ဒုရဲအုပ် ဝါဝါထွန်းဦးစီးသည့် (၃)ဦးသည် ညောင်ဦးမြိုနယ် တရားရုံးထုတ်အတွက် လုံခြုံရေးယူရန် ဆိုင်ကယ်များဖြင့်လာစဉ် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဒုရဲအုပ် ဝါဝါထွန်းက မော်တော်ဆိုင်ကယ်တစ်စီး၊ ရဲတပ်သား ရီဝေဦးမောင်းနှင်ပြီးနောက်မှ ရဲတပ်ကြပ် ခင်မောင်မြင့် လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးတို့ဖြင့်လာစဉ် တော်လှန်ရေးတပ်များက ကားနှင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသည်ဟု ဆိုသည်။ 

တော်လှန်ရေးတပ်များသည် အဆိုပါရဲများ ညောင်ဦးမြို့ အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေးအရောက်တွင် တပ်သား ရီဝေဦးမောင်းနှင်သော  ဆိုင်ကယ်ဘေးသို့ကပ်၍ သေနတ်ဖြင့်ပစ်ခတ်ရာ ရဲတပ်ကြပ် ခင်မောင်မြင့်နှင့် ရဲတပ်သား ရီဝေဦးတို့ (၂)ဦး‌သေပြီး ဒုရဲအုပ် ဝါဝါထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency