ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်လာပြီး စွန့်ပစ်ခံထားရသည့် မြန်မာ(၈၀)ဦးနီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ ပတ္တရားမြို့နယ်တွင် အလုပ်ပေးမည်ဟုဆိုကာ ခေါ်ဆောင်လာပြီး စွန့်ပစ်ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၆၀)နီးပါးကို ထိုင်းအာဏာပိုင်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ပွဲစားများက အလုပ်ပေးမည်ဟုဆိုကာ ငွေကြေးရယူပြီးနောက် စွန့်ပစ်သွားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး (၅)ဦးအပါအဝင် အသက်(၁၈)နှစ်အောက် အရွယ်မရောက်သေးသူ (၃၅)ဦး ပါဝင်သည်ဟု သိရသည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့သည် မဲဆောက် သဘာဝနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ကြခြင်းဖြစ်ပြီး ပွဲစားများက ချွန်ဘူရီပြည်နယ်တွင် အလုပ်အကိုင်ပေးမည်ဟုဆိုကာ ထရပ်ကားများဖြင့် ခေါ်ဆောင်လာခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဖိချဘွန်ပြည်နယ် ခေါင်ခေါခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို စွန့်ပစ်ထားခဲ့ကြပြီး ၎င်းတို့တွင် တရားဝင်စာရွက်စာတမ်းများမရှိဟုလည်း သိရသည်။
ထို့အပြင် ယမန်နေ့တွင်ပင် Thong Phum ခရိုင် ဗာဂျီယာလောင်ကွန်းရေလှောင်တမံအနီးရှိ ကမ်းနားတွင် စွန့်ပစ်ထားသော နေအိမ်တစ်လုံးအတွင်းမှ တရားမဝင် ဝင်လာသော မြန်မာ(၂၃)ဦးကိုလည်း ဖမ်းမိခဲ့ပြီး အမျိုးသား (၁၈)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေးတစ်ဦးတို့ပါဝင်ကာ ပွဲစားက စွန့်ပစ်ထားခဲ့သည်ဟု ဆိုသည်။
စစ်ဆေးမေးမြန်းမှုအရ အဆိုပါမြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်ဟုလည်း ထိုင်းသတင်းများက ဖော်ပြသည်။
ထို့ကြောင့် ၎င်းတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးက အရေးယူရန်လုပ်ဆောင်နေသည်ဟု သိရသည်။
#TachileikNewsAgency
Ref: Khaosod English