ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း ဈေးများတွင် ခါးပိုက်နှိုက်နေသည့် အမျိုးသမီးတစ်ဦးကို မယ်ဆိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)ထိပ်ရှိ မယ်ဆိုင် ဒွိုင်ဘောင်းဈေးအတွင်း၌ ယနေ့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် ခါးပိုက်နှိုက်မှုဖြစ်ပွားပြီးနောက် ချက်ချင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခါးပိုက်နှိုက်နေသည့် အသက် (၅၁)နှစ်အရွယ် အမျိုးသမီးထံမှ ပိုက်ဆံအိတ် (၃)လုံးကို ရှာဖွေတွေ့ရပြီး မယ်ဆိုင် မြို့မဈေးကြီးတွင်လည်း ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။
အဆိုပါ အမျိုးသမီးက ဈေးများတွင် ဘလိတ်ဓါးကို အသုံးပြု၍ အိတ်များခွဲကာ ခါးပိုက်နှိုက်ခြင်းကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။
ခါးပိုက်နှိုက်သည့် အမျိုးသမီးက တာချီလိတ်မြို့တွင် ကျန်းမာရေး မကောင်းသည့် ဖခင်ဖြစ်သူအား ဆေးရုံတင်ရန် ငွေကြေးလိုအပ်နေသည့်အတွက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
မယ်ဆိုင်ရှိ ဈေးနှစ်ခုတွင် ခါးပိုက်နှိုက်မှု (၁၀)ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Photo: Chiangrai Report, Maesai Police