မိုင်းဟ ပြည်သူ့စစ် နယ်မြေအတွင်းရှိ ကျားဖြန့် လုပ်ငန်းများကို ဖမ်းဆီးရာ တရုတ် နှင့် ဗီယက်နမ် နိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၁)ဦး ဖမ်းမိ

မိုင်းဟ ပြည်သူ့စစ် နယ်မြေအတွင်းရှိ ကျားဖြန့် လုပ်ငန်းများကို ဖမ်းဆီးရာ တရုတ် နှင့် ဗီယက်နမ် နိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၁)ဦး ဖမ်းမိ

စစ်ကောင်စီ၏ လက်အောက်ခံ မိုင်းဟ ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့၏ နယ်မြေအတွင်း တရုတ်ဂိုဏ်း၏ အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းနေရာများကို စစ်ကောင်စီက ဝင်ရောက် စီးနင်း ဖမ်းဆီးရာ  တရုတ် နှင့် ဗီယက်နမ် နိုင်ငံသားများ အပါအဝင် စုစုပေါင်း (၈၁)ဦးကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ဖမ်းမိကြောင်း စစ်ကောင်စီက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ တန့်ယန်းခရိုင် မိုင်းရယ်မြို့၏ ရှေ့တောင်ဘက် ဝန်းကျင်တွင် ကျားဖြန့်လုပ်ငန်းများကို ဖေဖော်ဝါရီလ(၅)ရက်နေ့က ဖမ်းဆီးမှုအတွင်း ကျားဖြန့်လုပ်ငန်းများကို လက်နက်ကိုင်ကာ လုံခြုံရေးလုပ်ဆောင်ပေးနေသည့် အဖွဲ့ နှင့် စစ်ကောင်စီအဖွဲ့တို့ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း ကျားဖြန့်လုံခြုံရေးအဖွဲ့မှ (၂)ဦး သေဆုံးပြီး (၅)ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း နှင့် အဆိုပါ နေရာမှ တရုတ်နိုင်ငံ စုစုပေါင်း (၈)ဦး နှင့် မြန်မာနိုင်ငံသား (၇)ဦးကိုလည်း ဖမ်းမိသည်ဟု သတင်းထုတ်ပြန်ထားသည်။



 

ဆက်လက်၍ ဖေဖော်ဝါရီလ (၆)ရက်နေ့ နှင့် (၇)ရက်နေ့များတွင် မိုင်းဟ ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့၏ နယ်မြေအတွင်း ဖြစ်သည့် မိုင်းဟဒေသအတွင်း ဖမ်းဆီးမှုများ ပြုလုပ်ရာ တရုတ်နိုင်ငံသား (၉)ဦး နှင့် ဗီယမ်နမ်နိုင်ငံသား (၁၈)ဦး၊ မြန်မာနိုင်ငံသား (၂၇)ဦးတို့ကို ဖမ်းမိကြောင်း သိရသည်။

မိုင်းဟဒေသတွင်းမှာပင်  ဖေဖော်ဝါရီလ(၅)ရက်နေ့မှ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ ဖမ်းဆီးမှုများတွင် ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံသား  အမျိုးသား (၂၇)ဦး နှင့် အမျိုးသမီး (၂)ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး (၁၈)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၂၉)ဦး စုစုပေါင်း (၈၁)ဦး ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

 ဖမ်းဆီးမှုအတွင်း အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းများအတွက် အသုံးပြုသည့် ဖုန်းမျိုးစုံ အလုံး (၂၆၀)၊ Laptop နှင့် Desktop ကွန်ပျူတာ (၁၁၈)လုံး၊ StarLink  (၇)လုံး၊ ငါးဂိမ်းခုံ (၅)ခုံ နှင့် မော်တော်ကား (၃)စီး  အပါအဝင် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။



ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး စစ်ကောင်စီက  သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လက်အောက်ခံ မိုင်းဟ ပြည်သူ့စစ်(ဌာန)တပ်ဖွဲ့၏ နယ်မြေအတွင်းဖြစ်သည့် မိုင်းဟဒေသတွင် အွန်လိုင်းလောင်းကစား နှင့် ကျားဖြန့်လုပ်ငန်းများ သိသိသာသာ ဝင်ရောက်မှုအဖြစ် ၂၀၂၃ခုနှစ်က ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် အင်တာနက်အတွက် StarLink ကို အဓိက အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။