တာချီလိတ်မီးလင်းရေးက လာအိုကနေ ရရှိထားသည့်  လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ဖြင့်   ဦးစားပေးနေရာများ သတ်မှတ်ကာ ဖြန့်ဖြူးသွားမည်

တာချီလိတ်မီးလင်းရေးက လာအိုကနေ ရရှိထားသည့်  လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ဖြင့်   ဦးစားပေးနေရာများ သတ်မှတ်ကာ ဖြန့်ဖြူးသွားမည်
ဖေဖော်ဝါရီ 6, 2025 | ရှမ်းရှေ့

 ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ်မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုနေသည့် တာချီလိတ်မြို့တွင်   လာအိုဘက်က ခိုင်လုံသည့် အကြောင်းပြချက်မပေးဘဲ (၁၃)မဂ္ဂါဝပ်သာ ပေးတော့မည်ဖြစ်ကြောင်း ပြောလာသည့်အတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီက ရရှိထားသည့် မဂ္ဂါဝပ်ကို ဦးစားပေးနေရာများခွဲကာ ဖြန့်ဖြူးပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

လာအိုဘက်က ပေးထားသည့် (၁၃)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးဦးဆောင်ကော်မတီက (၅)မဂ္ဂါဝပ်၊ မြို့မီးလင်းရေးကော်မတီရုံးခွဲ (၈)မဂ္ဂါဝပ် ခွဲတမ်းရယူပြီး ဆက်လက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ရုံးခွဲအပိုင်းကို (၈)မဂ္ဂါဝပ် ခွဲပေးလိုက်တယ်။ ကျွန်တော်တို့ အပိုင်းကတော့ (၅)မဂ္ဂါဝပ်ပဲ ယူလိုက်တယ်။ ခွဲတမ်းယူထားတဲ့ (၅)မဂ္ဂါဝပ်က လောက်ငှပြီး ပိုတဲ့အနေအထားဖြစ်လာရင်တော့  ဦးစားပေး(၂)သတ်မှတ်ထားတဲ့ ဟိုတယ်နဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်းပေးမှာပါ။ အခြေအနေတော့ ကြည့်ရဦးမှာပါ"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါလ(၆)ရက်နေ့တွင် ပြောသည်။

ရရှိထားသည့် အနည်းငယ်သော (၁၃)မဂ္ဂါဝပ်ကို ပြန်လည် ဖြန့်ဖြူးပေးရာတွင် ဦးစားပေး (၁) နှင့် ဦးစားပေး (၂) သတ်မှတ်ကာ ပေးသွားမည်ရန် စီစဉ်ထားကြောင်း သိရသည်။

"ဦးစားပေး(၁)အနေနဲ့ သတ်မှတ်ထားတာကတော့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး နဲ့ ဌာနဆိုင်ရာရုံးတွေ၊ နောက်ပြီး ကုန်ထုတ်စွမ်းအားပေါ့၊ ကုန်ထုတ်လုပ်ငန်းနဲ့ပတ်သက်ပြီး ရေသန့်လုပ်ငန်းတွေ၊ ရေခဲလုပ်ငန်းတွေ နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပေးသွားမယ်။ နောက်ပြီး ဘဏ်လုပ်ငန်းတွေကိုလည်း ပုံမှန်ပေးသွားမယ်။ ဒါတွေကိုတော့ အပြည့်အဝပေးသွားဖို့ သတ်မှတ်ထားတဲ့ ဦးစားပေး (၁)ပါ။"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူက ပြောပြသည်။

ဦးစားပေး(၂)အနေဖြင့် လျှပ်စစ်ဓါတ်အား သုံးစွဲမှုများသည့် တည်းခိုခန်း၊ မိုတယ် နှင့် ဟိုတယ်များ၊ KTV နှင့် ကလပ်၊ ဘား အပါအဝင် စင်တင်ဖျော်ဖြေရေးစားသောက်ဆိုင်များကို ဦးစားပေး(၂)အနေဖြင့် သတ်မှတ်ပြီး အလှည့်ကျ ပေးရန် သတ်မှတ်အချိန်နှင့် ပေးရန် ယာယီစီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

ဦးစားပေး(၁) နှင့် ဦးစားပေး (၂) အပြင် ရပ်ကွက်များအတွင် ရိုးရိုးမီတာများဖြင့် အသုံးပြုနေသူများအနေဖြင့် ပုံမှန်အတိုင်း လျှပ်စစ်မီးရရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

"လက်ရှိ ပြည်သူလူထုသုံးစွဲနေတဲ့ အိမ်သုံးမီတာတွေ အားလုံးကတော့ ပုံမှန်အတိုင်း ပေးသွားမှာ။ သာမာန်သုံးစွဲနေသူတွေကိုတော့ ပုံမှန်အတိုင်းပဲ ပေးသွားမဲ့ သဘောပါ။ ဟိုတယ်နဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုပဲ အလှည့်ကျပေးမှာပါ။ စားသောက်ဆိုင်ကြီးတွေကတော့ အခြေအနေအရ ပေါ့နော်။ လောက်ငှတယ်ဆိုရင်တော့ အားလုံးကို အပြည့်အဝ ပြန်ပေးမှာပါ။ ဒါကလည်း ဒီညမှာ စမ်းသုံးမှာ။ စမ်းသုံးပြီးမှ အခြေအနေကြည့်ရမှာပါ" ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိက ဆက်လက်ပြောပြသည်။

ထိုင်းအစိုးရက မြန်မာနယ်စပ်ဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများ မလည်ပတ်နိုင်ရန်အတွက်ဟုဆိုကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး လျှပ်စစ်မီးကို ဖြတ်တောက်လိုက်သော်လည်း တာချီလိတ်မြို့အတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က လာအိုလျှပ်စစ်မီးဖြင့် ချက်ချင်း အစားထိုး ပေးဝေသော်လည်း လာအိုဘက်က ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အကြောင်းပြချက်မရှိဘဲ လျှပ်စစ်ဓါတ်အားကို (၁၃)မဂ္ဂါဝပ်တာ ရောင်းချပေးလာခြင်း ဖြစ်သည်။

"လာအိုဘက်က  (၁၃)မဂ္ဂါဝပ်ထက် ကျော်လွန် သုံးစွဲရင် အပြီးအပိုင် ဖြတ်ထုတ်မယ်ဆိုတဲ့ သဘောမျိုး အကြောင်းကြားလာတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာ ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့်ထိ သတင်းပို့ထားပြီး ပါပြီ။ ကျွန်တော်တို့ဘက်က စာချုပ်စာတမ်းနဲ့ ဝယ်ထားတဲ့ မီးဂ္ဂါဝပ်(၃၀)ကို လောလောဆယ် ဘယ်သူ့ရဲ့ ဖိအားကြောင့် လည်းတော့ မသိဘူး။ သူတို့က (၁၃)မဂ္ဂါဝပ်အထိပဲ ပေးသုံးတော့မယ်ပေါ့လေ။ ဒါကိုပဲ လောက်ငှအောင် သုံးပေါ့ဆိုတာမျိုးပေါ့"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါလ(၆)ရက်နေ့တွင် ပြောသည်။



ထိုင်းဘက်က တာချီလိတ်သို့ လျှပ်စစ်မီး မဖြတ်တောက်မီက ထိုင်းလျှပ်စစ်ဓါတ်အား (၂၀)မဂ္ဂါဝပ် နှင့် လာအိုလျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ် စုစုပေါင်း (၅၀)မဂ္ဂါဝပ်ကို တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် မြို့မီးလင်းရေးဦးဆောင်မတီ နှင့် မြို့မီးလင်းရေးကော်မတီရုံးခွဲ တို့က ရိုးရိုးအိမ်သုံမီးတာ(၂၂,၅၀၀)ကျော် နှင့် ပါဝါမီတာ (၅၄၀)ကျော် အပြင် ထရန်စဖော်မာ (၆၀၀)ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ယခုအခါ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် လျှပ်စစ်မီးအသုံးပြုနေသူများအတွက် လာအိုက ရောင်းချပေးနေသည့် လျှပ်စစ် (၁၃)မဂ္ဂါဝပ်သာ အသုံးပြုရတော့မည် ဖြစ်ပြီး မီးအားနည်းမည့် အခြေအနေနှင့် ကြုံတွေ့ရနိုင်ခြေရှိသည်။

မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)သည် ၂၀၁၉ခုနှစ် မတိုင်မီက ဥက္ကဌ နေရာကို ခရိုင်အုပ်ချုပ်ရေးမှူးများက တာဝန်ယူခဲ့ခြင်း ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးများ ဥက္ကဌအဖြစ် တာဝန်ယူစဉ်က ပွင့်လင်းမြင်သာမှုနှင့်အတူ ကော်မတီ၏ လုပ်ငန်းစဉ်များ တိုးတက်မှု နှေးကွေးသည်ကို တွေ့ခဲ့ရပြီး  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့က စပြီး အဆိုပါ ကော်မတီကို ဒေသခံ အရပ်သားများဖြင့်  ပြန်လည် ဖွဲ့စည်းလိုက်ပြီးနောက် ပွင့်လင်းမြင်သာမှု နှင့်အတူ ဒေသတွင်း လျှပ်စစ်မီးပိုင်ဆိုင်ရာ တိုးတက်မှုရှိလာသည်ဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့နယ်အတွင်း တာချီလိတ်မြို့အပါအဝင်၊ တာလေ နှင့် ကျိုင်းလပ်မြို့များတွင် သက်ဆိုင်ရာ မီးလင်းရေးကော်မတီများက လာအိုနိုင်ငံမှ လျှပ်စစ်မီးကို ပြန်လည်ဝယ်ယူပြီး ဒေသသွင်း ပြန်လည် ဖြန့်ဖြူးရောင်းချပေးနေခြင်း ဖြစ်သည်။