ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ်မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုနေသည့် တာချီလိတ်မြို့တွင် ယခုအခါ လာအိုဘက်က ခိုင်လုံသည့် အကြောင်းပြချက် မပေးဘဲ (၁၇)မဂ္ဂါဝပ်လျှော့ချပြီး (၁၃)မဂ္ဂါဝပ်သာ ပေးတော့မည်ဖြစ်ကြောင်း ပြောလာကြောင်း သိရသည်။
"လာအိုဘက်က (၁၃)မဂ္ဂါဝပ်ထက် ကျော်လွန် သုံးစွဲရင် အပြီးအပိုင် ဖြတ်ထုတ်မယ်ဆိုတဲ့ သဘောမျိုး အကြောင်းကြားလာတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာ ပြည်နယ် နဲ့ ပြည်ထောင်စုအဆင့်ထိ သတင်းပို့ထားပြီး ပါပြီ။ ကျွန်တော်တို့ဘက်က စာချုပ်စာတမ်းနဲ့ ဝယ်ထားတဲ့ မီးဂ္ဂါဝပ်(၃၀)ကို လောလောဆယ် ဘယ်သူ့ရဲ့ ဖိအားကြောင့် လည်းတော့ မသိဘူး။ သူတို့က (၁၃)မဂ္ဂါဝပ်အထိပဲ ပေးသုံးတော့မယ်ပေါ့လေ။ ဒါကိုပဲ လောက်ငှအောင် သုံးပေါ့ဆိုတာမျိုးပေါ့"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါလ(၆)ရက်နေ့တွင် ပြောသည်။
လာအိုဓါတ်အားခွဲရုံဘက်က တာချီလိတ်မြို့နယ်အတွက် (၃၀)မဂ္ဂါဝပ်ပေးထားရာမှ ယခုအခါ (၁၃)မဂ္ဂါဝပ်အထိသာ အသုံးပြုခွင့်ရှိကြောင်းနှင့် ပိုမိုအသုံးပြုပါက အပြီးဖြတ်ချမည့်အကြောင်းကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အသိပေးအကြောင်းကြားလာခြင်း ဖြစ်ကြောင်း သိရသည်။
လာအိုဘက်က ယခုလို အပြတ်သတ် လျှော့ချလိုက်မှုနှင့် ပတ်သက်ပြီး ယာယီဖြစ်နိုင်သည်ဟုသာ မြို့မီးလင်းရေးဦးဆောင်မတီ က ယူဆထားသည်။
"သူတို့ ကွင်းဆင်းစစ်ဆေးတာတို့ အကြီးအကဲချင်း ညှိနှိုင်းပြီးရင်တော့ ပြန်ပြီးပေးမဲ့သဘောလို့ ထင်တယ်။ ကျွန်တော်တို့ဘက်ကလည်း စာချုပ်စာတမ်းနဲ့လုပ်ဆောင်ထားတာဖြစ်ကြောင်းဘာညာ ပြန်လည်ပြောဆိုတော့ သူတို့ဘက်ကလည်း ဓါတ်အားလျှော့ချတာကို ယာယီလုပ်တဲ့သဘောလို့ ထင်ပါတယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။
လာအိုဘက်က (၃၀)မဂ္ဂါဝပ်ကနေ (၁၃)မဂ္ဂါဝပ်အထိသာ ခွင့်ပြုခြင်း အစီအစဉ်ကို ယနေ့ ဖေဖော်ဝါရီလ(၆)ရက်နေ့ မြန်မာစံတော်ချိန် ည(၁၁)ခွဲတွင် စတင်မည်ဟု သိရသည်။
"ဒီည လာအိုစံတော်ချိန်(၁၂)နာရီ ဆိုတော့ မြန်မာစံတော်ချိန် ည(၁၁)နာရီခွဲမှာ ကျွန်တော်တို့ဘက်က (၁၃)မဂ္ဂါဝပ်ကို စသုံးရတော့မှာ။ "ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံ မြန်မာနယ်စပ်ဒေသ တာချီလိတ်နှင့်မြဝတီမြို့ အပါအဝင် နေရာ(၅)ခုကို လျှပ်စစ်မီး ရောင်းချထားပေးရာ မြန်မာဘက်ရှိ ကျားဖြန့်လုပ်ငန်းများကြောင့်ဟုဆိုကာ လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီများကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စတင်ပြီး ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ထိုင်းဘက်က တာချီလိတ်သို့ လျှပ်စစ်မီး မဖြတ်တောက်မီက ထိုင်းလျှပ်စစ်ဓါတ်အား (၂၀)မဂ္ဂါဝပ် နှင့် လာအိုလျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ် စုစုပေါင်း (၅၀)မဂ္ဂါဝပ်ကို တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် မြို့မီးလင်းရေးဦးဆောင်မတီ နှင့် မြို့မီးလင်းရေးကော်မတီရုံးခွဲ တို့က ရိုးရိုးအိမ်သုံမီးတာ(၂၂,၅၀၀)ကျော် နှင့် ပါဝါမီတာ (၅၄၀)ကျော် အပြင် ထရန်စဖော်မာ (၆၀၀)ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ယခုအခါ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် ရိုးရိုးအိမ်သုံမီးတာ(၂၂,၅၀၀)ကျော် နှင့် ပါဝါမီတာ (၅၄၀)ကျော် အပြင် ထရန်စဖော်မာ (၆၀၀)တို့သည် လာအိုက ရောင်းချပေးနေသည့် လျှပ်စစ် (၁၃)မဂ္ဂါဝပ်သာ အသုံးပြုရတော့မည် ဖြစ်သည်။
တာချီလိတ်မြို့မီးလင်းရေးဦးဆောင်မတီအနေဖြင့် ရရှိထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ဖြင့် မည်သို့ ခွဲဝေဖြန့်ဖြူးပေးမည့် အကြောင်းအရာ အသေးစိတ်များကို Tachileik News Agency က သတင်းဆက်လက် ဖော်ပြပေးသွားပါမည်။