ဖလမ်းတိုက်ပွဲတွင် စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီအသုံးပြုနေပြီး လက်နက်ချပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်

ချင်းပြည်နယ် ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များကို အသုံးပြုပြီး လက်နက်ချပါက အားလုံးပစ်သတ်မည်ဟု အထက်အရာရှိက ခြိမ်းခြောက်ကြောင်း ဖမ်းဆီးခံရသည့် စစ်မှုထမ်းတပ်သားများက ပြောသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများက ယင်းသို့ပြောဆိုခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ရုပ်သံထုတ်ပြန်ခြင်းဖြစ်ပြီး ရုပ်သံတွင် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သား (၄၀)ဦးကျော်ရှိနေသည်။

အဆိုပါစစ်မှုထမ်းတပ်သားသစ်များကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အမည်စာရင်းပါဝင်သည်ဟုဆိုကာ တပ်သားစုဆောင်းရေးမှတဆင့် လေ့ကျင့်ရေးတပ်ကို (၃)လပို့ပြီးနောက် ဖလမ်းမြို့ရှေ့တန်းကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို (၃)ရက်ပဲကြာမယ်ဆိုပြီးတော့ လေယာဉ်ပေါ် ကောက်တင်ပြီးတော့ ဖလမ်းမြို့ကို ပို့ခဲ့ပါတယ်။ ကျွန်တော်တို့လက်နက်ချဖို့လုပ်တော့ အထက်က အရာရှိတွေက လက်နက်ချတဲ့ကောင်တွေ အကုန်ပစ်သတ်မယ်ပြောလို့ ကျွန်တော်တို့ လက်နက်မချပဲ ဆက်သွားတော့ လူစုကွဲတဲ့အခါ ရွာတစ်ရွာဝင်ပြီးတော့ လက်နက်ချ အလင်းဝင်ဖို့ အကူအညီတောင်းခဲ့ပါတယ်။ သူတို့နဲ့ လူစုကွဲလို့ လက်နက်ချနိုင်ခဲ့ပါတယ်။”ဟု စစ်မှုထမ်းတပ်သား မောင်မြတ်မင်းခန့် (၁၉)နှစ်က ပြောသည်။

အဆိုပါ စစ်မှုထမ်းတပ်သားကို ရပ်ကွက်ဥက္ကဌက စစ်မှုထမ်းရန် အမည်စာရင်းထည့်သွင်းပြီးနောက် ကားပေါ်တင်ကာ တပ်သားစုဆောင်းရေးတပ်ကိုပို့ပြီး ယင်းမှတဆင့် မင်းဘူးမြို့နယ်ရှိ ခလရ(၈၈)ကို တစ်လပို့သည်ဟု ဆိုသည်။

ထို့နောက် တောင်တွင်းကြီး အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ၎င်းကဲ့သို့ စစ်မှုထမ်းပါသူ (၂၃၂)ဦးနှင့်အတူ စစ်သင်တန်းတက်ခဲ့ရပြီး သင်တန်းဆင်းသည့်အချိန်တွင် (၈၃)ဦးကို ကလေးမြို့သို့ ပို့ကာ (၅၁)ဦးကို ကလေးမြို့ ခလရ(၉၈)သို့ပို့ဆောင်ပြီးနောက် ဖလမ်းမြို့ကို ပို့၍ ရှေ့တန်းထွက်ရသည်ဟု ပြောသည်။ 

“စစ်မှုထမ်းဥပဒေထဲမှာ တစ်ဦးတည်းသော သားတွေမပါဘူးဆိုပြီးတော့ ကျွန်တော်ရဲ့အမေကို ဆန္ဒပြုဖို့ လက်မှတ်ထိုးခိုင်းတယ်။ လက်နမှတ်ထိုးပြီး သိပ်မကြာဘူး တစ်ရက်၊ နှစ်ရက်နေတော့ ပါလာတယ်ဆိုပြီးတော့ သွေးစစ်ဖို့ ၁၅ မိနစ်နဲ့ ပြီးမယ်ဆိုပြီး ဥက္ကဌရုံးကို ခေါ်ပြီးမှ အမှတ်(၉၁၀)စုဆောင်းရေးတပ်ကို ပို့လိုက်တယ်။ (၉၁၀)တပ်ထဲမှာပဲ တစ်ရက်ခွဲ၊ နှစ်ရက်လောက်ကြာပြီးတော့ လေ့ကျင့်ရေးသင်တန်းကျောင်း(၁၃) တွင်ငယ်ကို ပို့လိုက်တယ်။ အဲဒီမှာပဲ (၃)လလောက် စစ်သင်တန်းတက်ခဲ့ရတယ်။ သင်တန်းကပဲ ကလေး ခလရ (၈၉)ကို ပို့လိုက်တယ်။”ဟု စစ်မှုထမ်းတပ်သား ကိုတင်မျိုးအောင် (၃၁)နှစ်က ပြောသည်။

ရပ်ကွက်နှင့် ကျေးရွာဥက္ကဌများပြောသလို ကိုယ့်ရပ်ရွာတွင် ပြန်နေရမည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ရှေ့တန်းကို ပို့ဆောင်ခြင်းဖြစ်သည်ဟုလည်း ကိုတင်မျိုးအောင်က ဆက်ပြောသည်။

“ထွက်ပြေးဖို့ လမ်းဆိုတာက ကျွန်တော်တို့ကို အဆောင်ထဲကနေ အပြင်ကို ပေးမထွက်ဘူး။ ကန်တင်းဆိုင်တွေ သွားမှာဆိုရင်တောင် တစ်ယောက်တည်း မသွားခိုင်းဘဲနဲ့ (၁၀)ယောက်လောက် တစ်ဖွဲ့ပါမှ သွားလို့ရတယ်။ သူတို့ဘက်က တပ်ကြပ်တို့ ဘာတို့ပါမှ လွှတ်ပါတယ်။”ဟု မောင်မြတ်မင်းခန့်(၁၉)နှစ်က ပြောသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်းတပ်သားသစ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးရမိပါက ခေါင်းဖြတ်သတ်ဖြတ်သည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်သည်ဟုလည်း ဆိုသည်။

ချင်းပြည်နယ် ဖလမ်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် စစ်မှုထမ်းတပ်သားသစ်များအား လေယာဉ်တစ်စီးနှင့် မလဲနိုင်ဟုလည်း အထက်ကပြောဆိုသည်ဟု ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားက ပြောဆိုထားသေးသည်။

ဖမ်းဆီးခံရသည့်အထဲတွင် စစ်ကောင်စီတပ်သား (၅)ဦးဝန်းကျင်သာပါပြီး ကျန်လူများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်အတွင်းသို့ ရောက်လာသူများဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများသည် ဖလမ်းမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့က ကလေးမြို့ ထောက်ပို့ လေယာဉ်ကွင်းမှတဆင့် ရဟတ်ယာဉ်နှစ်စီးဖြင့် (၄)ကြိမ် ပို့ဆောင်၍ အင်အား(၉၇)ဦး ရောက်ရှိလာသည်ဟု ဆိုသည်။

ချင်းပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဖလမ်းမြို့ကို အလုံးစုံသိမ်းယူနိုင်ရေး ချင်းညီနောင်တပ်ဖွဲ့များက ထိုးစစ်ဆင်နေတိုက်ခိုက်နေကာ လက်ကျန် လမ်းမြို့အခြေစိုက် အမှတ် (၂၆၈)ခြေလျင်တပ်ရင်းတခုသာ ကျန်ရှိတော့သည်။

ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ကစပြီး ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး ၊ ဒုရဲတပ်ဖွဲ့မှူး ဦးခင်မောင်ထွန်း၊ ရဲအရာရှိ တချို့အပါအဝင် (၄၅)ဦးကိုလည်း ဖမ်းဆီးရမိထားသည်။

ချင်းပြည်နယ်ရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ် ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ် နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား စသည့်မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်ကာ ပလက်၀မြို့နှင့် ဆမီးမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ ခိုင်ကမ်းနှင့်  တီးတိန်မြို့နယ်များသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်‌တော့သည်။

#TachileikNewsAgency

#TNA_MAT

Video: CNO/CNDF