ထိုင်းအစိုးရဘက်က မြန်မာ - ထိုင်းနယ်စပ် မြန်မာဘက် ကျားဖြန့်လုပ်ငန်းကြောင့် လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုအပြင် စက်သုံးဆီ တင်ပို့မှုကို ပိတ်လိုက်သည့်အတွက် တာချီလိတ်မြို့တွင်း ယနေ့ နေ့ချင်းတွင်းမှာပင် ဓါတ်ဆီတစ်ပုလင်းကို ထိုင်းဘတ်ငွေ(၁၀၀)အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။
"မနက်က ကျွန်မ ဓါတ်ဆီတစ်လီတာ တစ်ပုလင်းကို ဘတ်(၆၀)နဲ့ ဝယ်ထည့်လာတာ။ နာရီမခြားဘူး ဘတ်(၁၀၀)ဖြစ်သွားတယ်။ ရပ်ကွက်ထဲက အရောင်းသမားတွေက ဈေးတင်ပစ်တာ။ ဆီပန့်မှာတော့ ပုံမှန်ဈေးပဲ ဈေးမတက်ဘူး"ဟု ဒေသခံ အမျိုးသမီး တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ထိုင်းဘက်က စက်သုံးဆီလောင်စာများကို တင်ပို့မှု ပိတ်လိုက်ကြောင်း ကြေငြာလိုက်ပြီးနောက် တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညကတည်းက ဆီလာဖြည့်သူနှင့် ပုံးဖြင့် ဝယ်သူများခဲ့ကြောင်း သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်အစောပိုင်းကနေ နေ့လည်ပိုင်းအထိလည်း ဆီပန့်များတွင် တန်းစီစောင့်ဆိုင်းပြီး ဆီဖြည့်သူများမှာ များပြားနေပြီး အချို့နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှု အထိပါ ဖြစ်ပွားပြီး အချိန်ကြန့်ကြာမှုကြောင့် တော်တော်များများမှာ မြို့တွင် တစ်လီတာ ပုလင်းဖြင့် ပြန်ရောင်းသည့် ဓါတ်ဆီအရောင်းဆိုင်ငယ်များကနေ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မှာတော့ အတော်ကို လွန်နေပြီ။ ထိုင်းဘက်က ဆီမဝင်တော့ဘူးဆိုတော့ လမ်းဘေးက ဆီဆိုင်တွေမှာ အစောပိုင်းက ဘတ်(၅၀)ကနေ (၆၀)၊ (၆၀)ကနေ (၈၀)အထိဖြစ်ပြီး နောက်ပိုင်းမှာ ဘတ်(၁၀၀)အထိ ဖြစ်သွားတယ်။ ဈေးမြင့်တင်ရောင်းတာကလည်း တစ်နေရာနဲ့ တစ်နေရာတော့ မတူပါဘူး။ တူကတော့ မူလဈေးထက် မြင့်တင်ရောင်းနေကြတာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခုဖြစ်စဉ် မဖြစ်ပွားမီက တာချီလိတ်မြို့တွင်း၌ ဓါတ်ဆီတစ်လီတာ တစ်ပုလင်းကို ထိုင်းဘတ်ငွေ အများဆုံး (၃၀)ဘတ်ဖြင့်သာ ရောင်းချနေရာမှ ယခုအခါ အချို့နေရာများတွင် ဘတ်(၁၀၀)အထိ ဈေးပေါက်နေခြင်း ဖြစ်သော်လည်း ဆီပန့်ဈေးနှုန်းမှာ ယခင်ဈေးနှုန်းအတိုင်း (၂၉)-(၃၀)ဘတ်သာ ဖြစ်ကြောင်း သိရသည်၊။