မကွေးတိုင်း ပွင့်ဖြူမြို့နယ်နှင့် (၁၈)မိုင်ခန့်ဝေးသည့် ပုသိမ် - မုံရွာလမ်းပိုင်းပေါ်ရှိ မဲဇလီ-ဆည်တော် စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်သည်ဟု သိရသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားအင်အား (၁၃)ဦးဝန်းကျင်ဖြင့် အထိုင်ချထားသော မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ရာ ဘန်ကာ (၃)လုံးပြိုသည်ဟု ဆိုသည်။
“ဂိတ်တွေ မရှိတော့ရင် မြို့ပဲကျန်မှာဗျ။ တိုက်ပွဲဖြစ်တော့ မဲဇလီခန်းကုန်းကနေ ပစ်ကူတာပါ။ နောက်ပြီး Paramotor သုံးစီးနဲ့ ဗုံးသီးပတ်ချတယ်။ Mi35 နဲ့လည်း ပစ်ကူပေးတယ်ဗျ။ ဒီဂိတ်က မုန်းချောင်းတောင်နဲ့ မြောက်ချိတ်ဆက်ရာမှာအရေးပါပြီး မဲဇလီစခန်းနဲ့ ပွင့်ဖြူမြို့မှာ အခြေစိုက်ထားတဲ့တပ်အတွက် အလွယ်တကူ ချိတ်ဆက်ပေးနိုင်တဲ့ဂိတ်။”ဟု Yenanthar Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ယနေ့ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ပြောသည်။
တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်မှုတွင် အထိနာသည့် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူ၊ အင်ဂျင်တပ်လေထီးများဖြင့် ငါးကြိမ်ထက်မနည်း ပစ်ကူပေးသဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဆိုသည်။
အဆိုပါ ဂိတ်စခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၇)ရက်ကလည်း တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၂) ဦးသေကာ လက်နက်ငယ်တစ်လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
“ပထမတစ်ကြိမ် တိုက်ခိုက်ပြီးတော့ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး ဘန်ကာတွေပြန်ပြုပြင်ထားတာဗျ။ အရင်က အင်အား (၃)ယောက်လောက်ရှိရာကနေ အခု (၁၃)ယောက်လောက်တိုးထားတယ်။ ပုံမှန်ဆို (၁၅) (၁၆)ယောက်လောက်ရှိတယ်။ ဒီဂိတ်ကအရေးပါ ပါတယ်။ မုန်းချောင်းတောင်နဲ့ မြောက်နဲ့ကိုချိတ်ဆက်ထားတာ။ လတ်တလောမှာတော့ အဲဂိတ်မှာပဲ လုံခြုံရေးတင်းကြပ်ထားပါတယ်။ စစ်ကြောင်းလည်းရှိနေပါသေးတယ်။ ရှေ့တိုးတာမျိုးတော့ မတွေ့ရသေးပါဘူး။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ၏ ရွေ့လျားစစ်ကြောင်း Yenanthar Column၊ မင်းဘူးခရိုင်အမှတ် (၇)တပ် ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်၊ မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးအဖွဲ့ တို့က ပူးပေါင်းတိုက် ခိုက်ခြင်းဖြစ်သည်။