အမေရိကန် နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့သူများကို ပြန်လည် စိစစ်ကာ နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းနိုင်သည့် အခြေအနေများ ရှိလာနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရရှိထားသည့် ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် အကြမ်းဖက်သမားများနှင့် ဆက်နွယ်မှုရှိခဲ့လျှင် သို့မဟုတ် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် လျှောက်လွှာတွင် လိမ်လည် ဖော်ပြမှုများရှိခဲ့လျှင် နိုင်ငံသားအဖြစ်ကနေ ပြန်လည်ရုပ်သိမ်းခံရနိုင်ကြောင်း သိရသည်။
ယခုအစီအစဉ်ကို လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းကတည်းက ထောင်သောင်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူ အမေရိကန်နိုင်ငံသားများကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းရန် လှုံ့ဆော်ပြောဆိုခဲ့သည်။
သို့သော် ထိုစဉ်က ၎င်း၏ ရည်မှန်းချက်ကို ပြည့်ဝစွာ အကောင်အထည် မဖော်နိုင်၍ ယခု ဒုတိယသက်တမ်း သမ္မတဖြစ်လာချိန်တွင် ထိုရည်မှန်းချက်ကို ပြန်လည်အားထုတ်ရန် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။
ထရမ့်က ၎င်း၏ လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် အမေရိကန်နိုင်ငံသားအချို့ကို နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းရေး လုံလောက်သော အရင်းအမြစ်များကို အသုံးပြုရန် ညွှန်ကြားထားသည်။
၎င်း၏ သမ္မတတာဝန်ဆောင်ရွက်မှု ပထမဆုံးရက်တွင် များပြားလှသော သမ္မတအမိန့်ညွှန်ကြားချက်များကို လက်မှတ်ရေးထိုးခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ဥပဒေနှင့်မညီဘဲ လုပ်ဆောင်ထားခဲ့ပါက ၎င်း၏ အမေရိကန်နိုင်ငံသားဖြစ်ခြင်းကို အစိုးရက ပယ်ဖျက်ရုတ်သိမ်းနိုင်သော လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မတစ်ခု ထည့်သွင်း ပြဌာန်းရန်လည်း ပါဝင်သည်။
ထရမ့်၏ ပထမသက်တမ်းအတွင်း ထိုစဥ်က ရှေ့နေချုပ် Jeff Sessions က တရားရုံးများသို့ အမှုတွဲ (၁,၆၀၀) ခန့် တင်ပြရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့သူ (၇၀၀,၀၀၀) ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ဖူးသည်။
နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းခြင်းက နယ်စပ်ဖြတ်ကျော်လာသူများကို စွဲချက်တင်ပြီး မိသားစုနှင့် ခွဲခြားထားမှုကြောင့် လူသိများသော အစိုးရ၏ "zero tolerance" မူဝါဒ၏ အစိတ်အပိုင်းလည်း ဖြစ်ခဲ့သည်။
Source: USA Today