မြန်မာ့ငလျင်ဘေးကူညီရေး ရောက်ရှိနေသည့် အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့သည် စစ်ကောင်စီနေရာချထားပေးသည့် နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဧပြီလ (၃)ရက်နေ့တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဧပြီလ (၁)ရက်နေ့ကတည်းက စစ်ကောင်စီက နေရာချထားပေးသည့် နေပြည်တော်နယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းတို့တွင် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့တွင် အင်ဒိုနီးရှား အဖွဲ့သည် ငလျင်ကြောင့် ပြိုကျနေသည့် သုခသိဒ္ဓိဝန်ထမ်းအိမ်ရာတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရှာဖွေရာ သေဆုံးသူ (၃)ဦး တွေ့ရသည်ဟု သိရသည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လိုက်ပါလာသည့် ဆေးအဖွဲ့က အရေးပေါ်ကုသရေးစခန်းဖွင့်လှစ် ကုသပေးကြောင်း သိရသည်။
ငလျင်ဘေးကယ်ဆယ်ရေးရောက်နေသည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်ကောင်စီနေရာချထားပေးသည့် နေရာများတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ပေးကြရခြင်းဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူအပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အများစုမှာ နေပြည်တော်တွင် ရှိနေပြီး စစ်ကိုင်းတွင် တရုတ်နှင့် မလေးရှားအဖွဲ့များ၊ မန္တလေးတွင် တရုတ်နှင့် ရှရှားအဖွဲ့ ၊ ကျောက်ဆည်တွင် လာအိုအဖွဲ့တို့ ရောက်နေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအတွင်း ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန်အတွက် နိုင်ငံပေါင်း (၁၅)နိုင်ငံကျော် နှင့် ကူညီရေးအဖွဲ့အစည်းများရောက်ရှိပြီး စစ်ကောင်စီက သတ်မှတ်ပေးထားသည့် ဒေသများတွင်သာ လုပ်ဆောင်နေကြခြင်းဖြစ်ရာ စစ်ကောင်စီက မည်သည့်အဖွဲ့အစည်းက မည်သည့်နေရာတွင် ကူညီပေးနေကြောင်းကို သတင်းထုတ်ပြန်ပေးခြင်းမရှိသော်လည်း သက်ဆိုင်ရာ နိုင်ငံများက ၎င်းတို့၏ လုပ်ဆောင်ချက်များကို သတင်းထုတ်ပြန်လာမှသာ ပြည်သူများက သိရှိရခြင်း ဖြစ်သည်။