ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့ ဥက္ကဌ အပြောင်းအလဲအဖြစ် ယခင် ဥက္ကဌ အဖွဲ့နေရာတွင် လူသစ်များအစားထိုးထားပြီး ဥက္ကဌ နေရာပါ ပြောင်းလဲလိုက်ကြောင်း သိရသည်။
ယခင် ဂေါပက အဖွဲ့သည် အသက်အရွယ်အရ နာယကကြီးများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ၂၀၂၄ခုနှစ်အတွင်းက ပြန်လည် ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့တွင် ဥက္ကဌ အဖြစ် ဦးစိုင်းကျော်ညွှန်က တာဝန်ယူဆောင်ရွက်ထားသော်လည်း ယခုအခါ အသက်အရွယ်အရ ၎င်းအား နာယကကြီးများစာရင်းတွင် ထည့်ထားသည့်အတွက် လစ်လပ်သွားသည့် ဥက္ကဌနေရာကို စာရင်းစစ် တာဝန်ယူထားသူ ဦးဇော်မြင့်အား ဂေါပက ဥက္ကဌအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
လက်ရှိတွင် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့ ဥက္ကဌ ဦးဇော်မြင့် နှင့် (၉)ဦးအဖွဲ့က တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု သိရသည်။
နဂါးနှစ်ကောင်ဆရာတော် ပျံ့လွန်တော်မှုချိန်ကစပြီး ရွှေတိဂုံစေတီတော်ပေါ်က ဈေးသည်နှင့် ဘုရားဝန်ထမ်းအဖွဲ့အကြား အဆင်မပြေမှုများနှင့် စိန်ဖူးတော်မှ စိန်ပွင့်နှင့်ကျောက်များ ပျောက်ဆုံးနေသည့် ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဂေါပကအဖွဲ့အပြောင်းအလဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ရှိ စိန်တုံး နှင့် ကျောက်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မှ ပန်းတိမ်လုပ်ငန်းရှင် (၂)ဦးက ရာသီဥတု သဘာဝဘေးကြောင့် ပျောက်ဆုံးခြင်းဖြစ်သည်ဟု သုံးသပ်ပေးထားသည့်အတွက် အဆိုပါ ကိစ္စအား ဆက်လက်စုံစမ်းမှု ပြုလုပ်ရန် မလိုတော့ကြောင်းလည်း သိရသည်။
ဒေသခံများနှင့် ဘုရားဖူးများ အဆင်ပြေရေးအပြင် တာချီလိတ်ရွှေတိဂုံစေတီတော် နှင့် ပတ်သက်၍ သတင်းအချက်အလက်များ သိရှိနိုင်ရန်အပြင် အကြံပြု အသိပေးပြောကြားလိုသည်များရှိပါက တာချီလိတ်ရွှေတိဂုံစေတီတော် ၏ Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုကာ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။