ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၅၃၁)ခြေမြန်တပ်ရင်းမှ အရာခံဗိုလ်တစ်ဦး လက်နက် နှင့်အတူ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် KNDF ထံ ဘက်ပြောင်းခိုလှုံလာကြောင်း သိရသည်။
ဘက်ပြောင်းခိုလှုံလာသူ အရာခံဗိုလ်မှာ စစ်မှုထမ်းလုပ်သက် (၄၀)နှစ်ကျော်ရှိပြီဖြစ်ပြီး စစ်ကောင်စီ၏ မတရားသော လုပ်ရပ်များနှင့် အာဏာရှင်စနစ်ဆိုးအောက်တွင် ဆက်၍ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ သဖြင့် MA 3 သေနတ်တစ်လက် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ KNDF ထံထွက်ပြေးခိုလှုံလာခြင်းဖြစ်သည် ဟု သိရသည်။
၎င်းအား ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ( Karenni Nationalities Defence Force - KNDF )က ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားသည်ဟု ဖော်ပြထားပြီး စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွား အတွက် ရပ်တည်နေမည့်အစား စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီစွန့်ခွာ၍ ပြည်သူလူထုထံ ခိုလှုံ ကြရန်တိုက်တွန်းထားသည်။