ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး (၄)ဦး ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်ပါ အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။
ဘန်ကောက်မြို့ ရာမ ၉ လမ်းတွင် ဖွင့်လှစ်ထားရှိသည့် Yinhaijinchuan Barber & Salon ကို ထိုင်းအလုပ်သမားရေးရာဌာနနှင့် နိုင်ငံခြားခရီးသွားရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာ ဆံပင်ညှပ်အလှပြင်လုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး (၄)ဦးနှင့် တရုတ်နိုင်ငံသား(၂)ဦးတို့ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း Khaosod သတင်းဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် သတင်းဖေါ်ပြလာခြင်းဖြစ်သည်။
အဆိုပါ နိုင်ငံခြားသား (၆)ဦးအား ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်ပြုမထားသည့် အလုပ်အကိုင်ကို လုပ်ကိုင်မှုဖြင့် အရေးမှုမည့်အပြင် မြန်မာ (၄)ဦးမှာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့်ပါ ထပ်တိုးအရေးယူခံရဖွယ်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ကာကွယ်သည့် အနေဖြင့် နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်မပေးသည့် အလုပ်အကိုင် (၂၇)မျိုးအဖြစ် ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်း၊ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်း၊ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ဖျာယက်ခြင်းလုပ်ငန်း၊ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ ပန်းယွန်းလုပ်ငန်း၊ ထိုင်းတူရိယာလုပ်ငန်း၊ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ရွှေထည် ငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ချည်ယက်လုပ်ငန်း၊ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်ခြင်းလုပ်ငန်း၊ စက္ကူနှင့်ပိတ်ဖြင့် ပြုလုပ်သောထီးလုပ်ငန်း၊ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆေးလိပ်လိပ်ခြင်းလုပ်ငန်း၊ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ပိုးချည်လုပ်ငန်းနှင့် အတွင်းရေမှူးလုပ်ငန်းတို့ကို ကန့်သတ်ထားခြင်းဖြစ်သည်။
Photo: Khaosod English