နောင်ချိုမြို့နယ်အတွင်း အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ဝန်းကျင်ကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

နောင်ချိုမြို့နယ်အတွင်း အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ဝန်းကျင်ကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ၏ တပ်မဟာ(၂)နယ်မြေအတွင်း နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်(၂၀)ဝန်းကျင်ကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းက လာရောက်မီးရှို့ဖျက်ဆီးသွားရာ နေအိမ်(၂၀)ဝန်းကျင် မီးလောင် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည်   အုမ္မတီးကျေးရွာအတွင်းမှာပင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့က တစ်ကြိမ် နှင့် ယနေ့ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၃)ကြိမ် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် နောင်ချို့မြို့ပေါ် ရဲစခန်းနှင့်လက်ဖက်ရည်ဆိုင်ကိုလည်း  ဇန်နဝါရီလ(၂၂)ရက်နေ့က လေကြောင်းဖြင့် အကြောင်းမဲ့  ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံ (၈)ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိ အမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက်  လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA )က အသိပေးထားသည်။

 

 

Photo: TNLA