စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းရွာနှင့် ထိုမာကျေးရွာရှိ စစ်ကောင်စီအထိုင်ဂိတ်များအား တော်လှန်ရေးတပ်ဖွဲ့များက အသေခံဒရုန်းများအပါအ၀င် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။
ကလေးမြို့နယ်တောင်ပိုင်း ဇင်းဂလင်းရွာနှင့် ထိုမာကျေးရွာတို့တွင် အထိုင်ချပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ နှင့် (၂၃) ရက်နေ့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဇင်းဂလင်းရွာရှိ စစ်ကောင်စီအထိုင်ဂိတ်အား ဒရုန်း (၂)စီးဖြင့် ဗုံးသီး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် ဇင်းဂလင်းရွာနှင့် ထိုမာ GTC စစ်ကောင်စီဂိတ်များအား ဒရုန်းဖြင့် ဗုံးသီး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ၊ ထိုမာ GTC စစ်ကောင်စီဂိတ်မှ Drone Gun ပစ်ခတ်သည့်နေရာအားလည်း အသေခံဒရုန်းတစင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးထက်မနည်း ထိခိုက်ပြီး သေဆုံးစာရင်းအား မသိရသေးကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံး Drone Team Wing Of Kalay တပ်ဖွဲ့နှင့် ကလေးမြို့နယ် ပကဖ တိုက်နယ် (၃) တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုများအား အကာအကွယ်များ ပြုလုပ်ကာ သတိရှိရှိဖြင့် နေထိုင်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့