ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ ကတိုင်တိစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု သိရသည်။ 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က စတင်ပြီး KNU တပ်မဟာ (၅)နှင့် ပူးပေါင်းတပ်များက ကတိုင်တိစခန်းကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး စခန်းမကျရေး စစ်ကောင်စီသည် မြိုင်ကြီးငူ၊ ကမမောင်းမြို့တို့ မှတဆင့် စစ်ကူများပေးပို့ခဲ့ပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူများ အများအပြားပြုခုခံခဲ့သည်။ 

“ကတိုင်တိစခန်းကို သိမ်းလိုက်ပါပြီ။ မြေပြင်ကိစ္စများ အလုပ်ရှုပ်နေဆဲပါ၊”ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ ကူးဆိပ်၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ်(ထီးကဆောမဲ)စသည့် စစ်ကောင်စီစခန်းလေးခုကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့် ကတိုင်တိစခန်းနှင့် ကမမောင်းအဝင် လုံခြုံရေး စခန်းတို့ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

"ကတိုင်တိက တပ်မ(၄၄)ရဲ့ စစ်ဗျူဟာ(၁)စခန်းပါ။ လေကြောင်းပစ်ကူ၊ ဖြည့်စွက်တပ်နှင့်အတူ အပြင်းအထန် ကာကွယ်​နေခဲ့တာ။"ဟု သူက ဆက်ပြောသည်။ 

ကတိုင်တိစခန်းသည် ကမမောင်းမြို့နှင့် (၁၄)မိုင်ဝန်းကျင်ဝေးပြီး ကမမောင်းမြို့အဝင် ဂိတ်ကြီးကို ကရင်နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ကတိုင်တိ၊ တံခွန်တိုင်၊ ဝါသို့ခို့၊ ကူးဆိပ်၊ မထော၊ ဖာလိုး၊ ဘောကျို့လယ် စသည့်ရွာများ နှင့် အနီးအနားကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရသည်။