ရုရှား - ယူကရိန်း စစ်ပွဲရပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စတင် ပြောဆို

ရုရှား - ယူကရိန်း စစ်ပွဲရပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စတင် ပြောဆို
ဇန်နဝါရီ 23, 2025 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရုရှား-ယူကရိန်း စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် ဇန်နဝါရီလ(၂၂)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် စတင် ထုတ်ပြောလာသည်။ 

Fake Russia, Russia, Russia Hoax များက ပါဝင်သူ အားလုံးအတွက် မကောင်းသော စစ်ပွဲတစ်ပွဲကို တိုက်ခိုက်နေသော်လည်း ရုရှား နှင့် သမ္မတပူတင်မှာ မိမိနှင့် ကာလရှည်ကြာ ပေါင်းသင်းဆက်ဆံရေး ကောင်းခဲ့ကြောင်း ထရမ့်က ဆိုသည်။

ထရမ့်၏ Truth ဆိုရှယ်မီဒီယာပို့စ်တွင် သုံးနှုန်းထားသော Fake Russia, Russia, Russia Hoax ဆိုသည်မှာ ၎င်း ပထမအကြိမ် အနိုင်ရခဲ့သော ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက ဝင်ရောက်စွက်ဖက်ကြောင်း စွပ်စွဲချက်သူများအပေါ် ထရမ့်က တုံ့ပြန်ပြောဆိုရာတွင် သုံးနှုန်းလေ့ရှိသော အသုံးအနှုန်းလည်း ဖြစ်သည်။

"ဒီပဋိပက္ခ ရှည်ကြာလေလေ ဒါကို ရပ်ဖို့ ပိုခက်လေပါပဲ။ အသက်တွေကယ်ဖို့နဲ့ နောက်ထပ် ထိခိုက်ပျက်စီးမှုတွေ မဖြစ်ဖို့ အားလုံးအတွက် သဘောတူညီမှုလုပ်ပြီး အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။ သဘောတူညီမှု အလျင်အမြန် မလုပ်ရင် စီးပွားရေး အကျိုးဆက်တွေက ပြင်းထန်လာပါလိမ့်မယ်။ ဖြေရှင်းမှုတစ်ခု အတင်းအကျပ် ရရှိစေဖို့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ အခြား စီမံဆောင်ရွက်မှုတွေကို စဥ်းစားသင့်တယ်။ နောက်ထပ် ဘေးဒုက္ခတွေကို ရှောင်ရှားဖို့ စစ်ပွဲကို အခု ရပ်လိုက်ပါ။ သဘောတူညီမှုလုပ်ပါ" ဟု ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ပြောထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့က စတင်ခဲ့သည့် ယူကရိန်း - ရုရှားစစ်ပွဲသည် ယခု ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် (၃)နှစ်ပြည့်တော့မည်ဖြစ်ပြီး နှစ်ဖက် တိုက်ပွဲများမှာ နေ့စဉ် ဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။ 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...