ရန်ကုန်ရှိ အမျိုးသားအဆောင်များကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးကာ ငွေညှစ်ဖမ်းဆီးခြင်းများပြုလုပ်လာ

ရန်ကုန်ရှိ အမျိုးသားအဆောင်များကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးကာ ငွေညှစ်ဖမ်းဆီးခြင်းများပြုလုပ်လာ

ရန်ကုန်မြို့အတွင်းရှိ အမျိုးသားအဆောင်များကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးကာ ငွေညှစ်ဖမ်းဆီးခြင်းများရှိနေသည်ဟု အစစ်အဆေးခံရသူနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

စစ်အင်အားပြုန်းတီးနေသည့် စစ်ကောင်စီတပ်သည် ရန်ကုန်ရှိ အမျိုးသားအဆောင်များကို ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်နေပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ ညပိုင်းက မြို့လယ်ရှိ အဆောင်တစ်ခုကို ဝင်ရောက်စစ်ဆေး၍ ငွေမပေးနိုင်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

“အဆောင်ကို ဧည့်စာရင်းဆိုပြီးဝင်စစ်တာ။ အဆောင်မှာရှိတဲ့ အသက်(၄၀)ဝန်းကျင် အမျိုးသားတွေကို တစ်ယောက် (၁၂)သိန်းနဲ့ အသက်(၂၀)နဲ့ (၃၀)နှစ်ကြား အမျိုးသားတွေကို (၂၅)သိန်းမပေးရင် စစ်မှုထမ်းအတွက် လိုက်ရမှာဆိုပြီး ဝင်ဖမ်းတာ။ အသိက ငွေရှာပေးလိုက်လို့ အဆင်ပြေသွားပေမယ့် (၅)ဦး ဖမ်းခံလိုက်ရတယ်။ ငွေမပေးမချင်း ထိုင်စောင့်နေတာလို့ပြောတယ်။"ဟု အစစ်ဆေးခံရသည့် လူငယ်နှင့် နီးစပ်သူက Tachileik News Agency ကိုပြောသည်။

ရန်ကုန်တွင် လူငယ်၊ လူရွယ်များကို စစ်ကောင်စီတပ်ဘက်က ဆက်တိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခြင်း၊ အကြောင်းပြချက်မရှိ ဖုန်းများစစ်ဆေးကာ ဖမ်းဆီးခြင်းနှင့် အကြောင်းပြချက်မရှိ ကားပေါ်တင် ဖမ်းဆီးသွားခြင်းများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

“ရန်ကုန်မှာ အခုတလော ခြေနေတွေ အတော်ဆိုးတာ။ အဆောင်တွေကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ဝင်ပြီးဖမ်းတာ။ ငွေညှစ်တာတွေလုပ်တာ။ နေရတာ စိတ်တွေအတော်ညစ်နေပြီ။”ဟု ရန်ကုန်မြို့ခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ခဲ့သူတစ်ဦးက Tachileik News Agnencyကို ပြောဆိုရာတွင် ရပ်ကွက်များမှာ စစ်ကောင်စီထံ စစ်မှုထမ်းရန် လူမပေးနိုင်တော့သဖြင့် ရပ်ကွက်အတွင်းမှ ‌ငွေကောက်ယူကာ လူဝယ်၍ စစ်မှုထမ်းအတွက် ထည့်ပေးနေကြရသည်ဟု ဆိုသည်။

“လူဖမ်းပြီး ရောင်းစားကြတာမျိုးတွေ လုပ်လာကြတာပေါ့။ တစ်ဦးကို (၁၅)သိန်းပေးရတယ်။ ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့လူမရှိတော့ ဖမ်းလာပေးသူက ရပ်ကွက်အုပ်ချုပ်ရေးကို ရောင်းစားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက စစ်ကောင်စီဆီကို စစ်မှုထမ်းဖို့ လူပို့ပါတယ်ဆိုပြီး အပ်လိုက်တာ။”ဟု သူက ဆက်ပြောသည်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းပင် မရမ်းကုန်းမြိုနယ်မှ အမျိုးသား(၁၂)ဦး၊ ရန်ကင်းမြို့နယ်မှ အမျိုးသား(၄)ဦး၊ ကြည့်မြင်တိုင်မြို့နယ်မှ အမျိုးသား တစ်ဦး၊ စမ်းချောင်းမြို့နယ်မှ အမျိုးသား (၃၀)ဦး ဝန်းကျင်၊ ကျောက်တံတားမြို့နယ်တွင် အမျိုးသား (၄)ဦး၊ ဗဟန်းမြို့နယ်မှ အမျိုးသား (၇)ဦးနှင့် အမျိုးသမီးတစ်ဦး၊ ကျောက်တန်းမြို့နယ်မှ အမျိုးသား တစ်ဦးတို့ကို ဖမ်းဆီးခံရသည်။

ထို့အပြင် လှိုင်မြို့နယ်မှ အမျိုးသမီး (၅)ဦး၊ မြောက်ဥက္ကလာမြို့နယ်မှ အမျိုးသား (၃)ဦး၊ အရှေ့ဒဂုံမြို့နယ်မှ အမျိုးသား (၂)ဦး၊ မှော်ဘီမြို့နယ်မှ အမျိုးသား (၉)ဦး၊ လှည်းကူးမြို့နယ်မှ အမျိုးသား(၅)ဦးခန့်၊ ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသားတစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်မှ (၂၈)ဦးတို့ ဖမ်းဆီးခံရသည်ဟု သုတေသနအရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဖော်ပြသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် မြန်မာပြည်တဝှမ်းလုံးတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းခြင်းအပြင် ပေါ်တာဆွဲခြင်းများကို ဆက်တိုက်ပြုလုပ်လာနေခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:ဧည့်စာရင်းစစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)