ရွှေကုက္ကိုဒေသတွင်း ငွေလိမ်ဂိုဏ်းများအရေး BGF၊ DKBA နှင့် တရုတ်စီးပွားရေးသမားများ အရေးပေါ်ဆွေးနွေး

ရွှေကုက္ကိုဒေသတွင်း ငွေလိမ်ဂိုဏ်းများအရေး BGF၊ DKBA နှင့် တရုတ်စီးပွားရေးသမားများ အရေးပေါ်ဆွေးနွေး
By Tachileik News Agency

 မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လိမ်လည်မှုနှင့် လူကုန်ကူးမှုများအား ကိုင်တွယ်ဖြေရှင်းရေးအတွက် BGF နှင့် DKBA ခေါင်းဆောင်များက တရုတ်စီးပွားရေးသမားများအား ခေါ်ယူကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် အရေးပေါ်ဆွေးနွေးကြကြောင်း နယ်စပ်အခြေစိုက် ထိုင်းသတင်းဌာနများတွင် ဖေါ်ပြသည်။

မြဝတီမြို့အနီး ကရင်ပြည်နယ်၏ China Town ဟု လူသိများသည့် ရွှေကုက္ကိုအထူးစီးပွားရေးဇုန်ကို တာဝန်ယူအကောင်အထည်ဖေါ်သည့်အဖွဲ့တွင် ပါဝင်သည့်  BGF( Border Guard Force) (နယ်ခြားစောင့်တပ်ဖွဲ့ ) ခေါင်းဆောင် စောချစ်သူက  DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး -Democratic Kayin Buddhist Association ) ခေါင်းဆောင်နှင့် တရုတ်စီးပွားရေးသမားများအား အရေးပေါ်အစည်းအဝေးခေါ်ယူကာ ၎င်းတို့ဒေသတွင်း ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးသည်ဟု သိရသည်။

နိုင်ငံဖြတ်ကျော်မှုခင်း၊ ငွေလိမ်မှု၊ လူကုန်ကူးမှုများအရေး ဖြေရှင်းရေးအတွက်  ရွှေကုက္ကိုဒေသတွင်း စီးပွားဖက်လုပ်ကိုင်နေသူများ၊ စီးပွားရေးသမားများအနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးအဖွဲ့များအပါအဝင် တရားမဝင် လုပ်ငန်းလုပ်နေကြသည့် အဖွဲ့များကို ပူးပေါင်းဖေါ်ထုတ်ကြရန် BGF ခေါင်းဆောင်က တောင်းဆိုကြောင်း သိရသည်။

ယင်းအပြင် နည်းလမ်းမျိုးစုံဖြင့် လူသားမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ၊ အသက် (၁၈)နှစ်အောက် ကလေးလုပ်သား အသုံးပြုမှုများအား တားမြစ်ကြောင်း ဆွေးနွေးသည်ဟု သိရသည်။

လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်းအပါအဝင် လိမ်လည်မှုလုပ်ငန်းများ မလုပ်ကြရန်ကိုလည်း မပြုလုပ်ကြရန် တားမြစ်သည်ဟု သိရသည်။

အဆိုပါ တားမြစ်ချက်များအား ချိုးဖေါက်သည့် မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းပိတ်သိမ်းပြီး ဒေသတွင်းမှ ထွက်ခွာရမည်ဟု သတိပေးကြောင်း သိရသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးတွင် ရွှေကုက္ကိုဒေသအား တာဝန်ယူထားသည့် BGF နှင့် DKBA မှ ခေါင်းဆောင်များအပါအဝင် အဆိုပါဒေသတွင်း လုပ်ငန်းလုပ်ကိုင်နေကြသည့် တရုတ်စီးပွားရေးလုပ်ငန်းများမှ စီးပွားရေးသမားများ စုစုပေါင်း လူဦးရေ (၆၀) တက်ရောက်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံလိုက်ရသည့် တရုတ်သရုပ်ဆောင်အပါအဝင် တရုတ်နိုင်ငံသားအချို့အား ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ရမှုများဖြစ်ပွားပြီးနောက် ဇန်နဝါရီလ (၁၄)ရက်နေ့ ထိုင်းအတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်က ထိုင်းနိုင်ငံကို အမြတ်ထုတ်အသုံးချနေသည့် ငွေလိမ်မှုများနှင့် လူကုန်ကူးမှုများအား တားဆီးရန် နယ်စပ်အား အထူးစောင့်ကြည့်ဇုန်များ ထူထောင်ရေး လွှတ်တော်တွင်း ဆွေးနွေးထားခြင်းဖြစ်သည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများအား လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများဖြင့် နာမည်ကျော်နေသည့် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်သည်  မြန်မာ - ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ ကရင်ပြည်နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ သောင်ရင်းမြစ်ကမ်းတွင် ရှိနေပြီး  ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီကို ဆက်သွယ်သည့် အဓိကကျသော နယ်စပ်ဖြတ်ကျော်ဂိတ်အနီး တည်ရှိနေခြင်းဖြစ်သည်။

ကာစီနိုလောင်းကစားရုံများအပါအဝင် ခရီးသွားများအား ဆွဲဆောင်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖေါ်မည်ဟုဆိုသည့် အဆိုပါစီမံကိန်းကို DKBA မှ ခွဲထွက်ပြီး စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းခဲ့သည့် ဗိုလ်မှူးကြီးစောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီဖြစ်သည့် ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်ခွင့်ရထားကြခြင်းဖြစ်သည်။



၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သော DKBA သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခွင့်ရထားခြင်းဖြစ်ပြီး ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုသည် ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်ကာ  ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသော တရုတ်လူမျိုးများက ဦးဆောင်နေခြင်းဖြစ်ကြောင်း ISP မြန်မာက ဖေါ်ပြထားသည်။



 

Photo: The Reporters , แม่สอด มีเดีย