ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် အရပ်သားနေအိမ်များနှင့် ရာဘာခြံများကို မီးရှို့ကာ တပ်ဆုတ်

ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် အရပ်သားနေအိမ်များနှင့် ရာဘာခြံများကို မီးရှို့ကာ တပ်ဆုတ်

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် အရပ်သားနေအိမ်များနှင့် ရာဘာခြံများအား မီးရှို့ဖျက်ဆီးကာ ဒေသခံ (၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

"မီးမထိန်းနိုင်သေးပါဘူး ၊ ဒါ့အပြင် စကစ တပ်ဟာ ကြဲရွာကိုလည်း ထပ်မံ မီးရှို့နေပါတယ် ။ ပြည်သူ (၂) ဦးကိုလည်း ပြန်မလွှတ်ပါဘူး။စကစ စစ်ကြောင်းက ပါဒစက်တော်ရာဘုရားဝင်းမှာ တပ်စွဲထားပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား (၁၂၀)ခန့်ပါရှိသည့် စစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့ နေ့လယ် (၁)နာရီခွဲတွင် ပုလောမြို့နယ် တပိုဆယ်အိမ်စုရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၏ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး အလုံး (၂၀)ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် (၂)နာရီတွင် တပိုဆယ်အိမ်စုရွာမှတဆင့် ပါဒစက်တော်ရာဘုရားသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာစဉ် စစ်ကောင်စီစစ်ကြောင်းသည် တပိုဆယ်အိမ်စုရွာမှ ဒေသခံ အမျိုးသား (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ၎င်းတို့ ဆုတ်ခွာရာလမ်းတလျှောက်ရှိ ပြည်သူ့နေအိမ် (၅)လုံးနှင့် ရာဘာခြံ ဧက (၅၀)ကျော်အား မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပြီး ၊ လက်နက်ကိုင်ခြင်း ယှဉ်မတိုက်နိုင်သည့်အခါ လက်နက်မဲ့ပြည်သူအပေါ် အနိုင်ကျင့်ရမ်းကားသည့် သူရဲဘောကြောင်သည့် အကြမ်းဖက်သာသာ အဖွဲ့အစည်းသာဖြစ်ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဆိုသည်။

မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းသည် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် ပူးပေါင်း၍ ပုလောမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:PDF Myeik District Battalion 1 - P23401