ပန်းဘဲတန်းမြို့နယ်ရှိ ရတနာရောင်းဝယ်ရေးဆိုင် ဓားပြဝင်တိုက်ခံရပြီး ရတနာများနှင့် ငွေကျပ်သိန်း ၅၀၀ ပါသွား

ပန်းဘဲတန်းမြို့နယ်ရှိ ရတနာရောင်းဝယ်ရေးဆိုင် ဓားပြဝင်တိုက်ခံရပြီး ရတနာများနှင့် ငွေကျပ်သိန်း ၅၀၀ ပါသွား

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရှိ စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင်တစ်ခု ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ဓားပြတိုက်ခိုက်ရပြီး ရတနာများနှင့် ငွေကျပ်သိန်း (၅၀၀) ပါသွားသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပန်းဘဲတန်းမြို့နယ် အမှတ်(၇)ရပ်ကွက် လမ်း(၃၀) အလယ်ဘလောက် အမှတ်(၁၁၀) ပထမထပ်ရှိ ရွှေချစ်သူ အမည်ရှိ စိန်ရွှေရတနာရောင်းဝယ်ဆိုင်ရေးဆိုင်အတွင်းသို့ အမျိုးသား(၃)ဦးက သေနတ်အတိုနှင့် ဓားမြှောင်တို့ဖြင့် ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။

“ပိုင်ရှင်တွေရှိနေချိန်ဝင်တိုက်တာလို့ပြောတယ်။ ငွေသားက သိန်း(၅၀၀)ပါသွားတယ်။ ရတနာတွေက သိန်းတစ်သောင်းလောက်တန်တယ် ပါသွားတယ်လို့ပြောတယ်။ တရားခံကိုတော့ မမိသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရွှေချစ်သူ စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တွင် ပိုင်ရှင် ဒေါ်မိုးနှင်းစိုး၊ မန်နေဂျာ ဦးဇော်ဌေး၊ ဝန်ထမ်း ဒေါ်တင်တင်ဝင်းတို့ရှိနေစဉ် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းလိုသည်ဟုပြောဆိုသဖြင့် တံခါးအားဖွင့်ပေးလိုက်သည်ဟု သိရသည်။

ထို့နောက် အဆိုပါအမျိုးသားနောက်မှ လိုက်ပါလာသည့် အမျိုးသား(၂)ဦးလည်း လိုက်ဝင်ပြီး သေနတ်အတို တစ်လက်၊ ဓါးမြှောင် တစ်ချောင်းတို့အား ပြသခြိမ်းခြောက်၍ ကောင်တာဘေးကြမ်းခင်းတွင် ချထားသော ငွေစက္ကူမျိုးစုံ ကျပ်သိန်း(၅၀၀)၊ မှန်ကောင်တာအတွင်းရှိ စိန်ရွှေပစ္စည်းမျိုးစုံ ကာလတန်ဖိုးငွေကျပ်သိန်းတစ်သောင်းဝန်းကျင်တို့ကို ယူဆောင်သွားသည်ဟု ဆိုသည်။

ထို့အပြင် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများကိုင်ဆောင်သော Redmi ဖုန်း (၂)လုံး၊ OPPO ဖုန်းတစ်လုံး၊ Huawei ဖုန်း တစ်လုံးတို့အား ယူဆောင်ပြီး ၎င်းတို့ကို အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ကာ ထွက်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ကလည်း ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက် ဆရာစံလမ်းရှိ အလှကုန်စတိုးဆိုင်အတွင်း လုယက်မှုဖြစ်ကာ ဆိုင်ရှင်အမျိုးသမီးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သေးသည်။

#TachileikNewsAgency

#TNA_MAT