၂၀၂၅ ခုနှစ်သည် NUG အတွက် ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော

၂၀၂၅ ခုနှစ်သည် NUG အတွက် ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော

၂၀၂၅ ခုနှစ်သည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် ပြုပြင်ပြောင်းလဲရေးများစတင်ရမည့် နှစ်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ပြောဆိုခြင်းဖြစ်ပြီး အားလုံး၏ မူလရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးနှင့် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ရေး ဦးတည်ချက်ကို ဘယ်တော့မှ ပျောက်ပျက်မည်မဟုတ်ဟုလည်း ဆိုသည်။

“ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့်နှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ-ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာဖြစ်ကြောင်း နားလည်စေလိုပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အစိုးရအဖွဲ့အစည်းတွင်လည်း ၂၀၂၅ ခုနှစ်သည် အပြောင်းအလဲများမည့်နှစ်ဟုခံယူပြီး ဆက်လက်ချီတက် ဖြတ်သန်းကြရန် သမ္မတက တိုက်တွန်းထားပြီး အခြေအနေများ၏ အပြောင်းအလဲများကိုလည်း ကြုံလာရမည့် နှစ်ဖြစ်ကာ အပြောင်းအလဲများ လုပ်ကြရမည့်နှစ်ဖြစ်ကြောင်း ယူဆသည်ဟု ဆိုသည်။  

“ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ်ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ အခြေအနေ အပြောင်းအလဲတွေကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင်တည်ဆောက်ယူမယ်လို့ ခံယူပါတယ်။ မိမိကိုယ်ကိုပြောင်းလဲဖို့ လိုအပ်လာရင်လည်း ဘာကိုမှမတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်။”ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် အစိုးရအဖွဲ့အနေဖြင့် အပြောနှင့် အလုပ်ညီကြရန်၊ လက်တွေ့ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျအကောင်အထည်ဖော်ကြရန်လည်း တိုက်တွန်းထားသည်။

၂၀၂၄ ခုနှစ်အတွင်းက ခြေလှမ်းများကို လေးလေးနက်နက် ပြန်လည်သုံးသပ်ပြီး ၂၀၂၅ ခုနှစ်တွင် ယခင်နှစ်ကထက်သာလွန်သော စွမ်းဆောင်ရည်ဖြစ်ရန် ကြိုးစားကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

#TNA_MAT

Photo: National Unity Government of Myanmar