နိုင်ငံတဝှမ်းဓာတ်အား လုံလောက်စွာဖြန့်ဖြူးနိုင်ခြင်းမရှိသည်မှာ ဓာတ်အားလိုင်း(၁၄)လိုင်း ဖျက်ဆီးခံရခြင်းကြောင့်ဖြစ်သည်ဟု စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။
ဓာတ်အားပေးစက်ရုံများမှထွက်ရှိသော ဓာတ်အားကိုပို့လွှတ်နေသည့် (၂၃၀) ကေဗွီ၊ (၁၃၂) ကေဗွီ ဓာတ်အားလိုင်းကြီး (၁၄) လိုင်းမှာ ဖျက်ဆီးခံရခြင်းကြောင့် ဓာတ်အား (၁၀၀၉) မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်နေရသည်ဟု စစ်ကောင်စီဘက်က ဆိုသည်။
“ဘယ်လိုပြောရမှန်းကိုမသိဘူး မီးပေးနေတာကတော့ မလာတာကများနေတယ် ပေးတာကနည်းနည်းလေး။ မှတ်တောင်မမှတ်တတ်တော့ဘူး။ ဘာမှမပြောချင်တော့ဘူး ထိုင်သာဆဲလိုက်ချင်တော့တယ်။ ဖယောင်းတိုင်လေးထွန်းနေကြရတာပေါ့။ တချို့ကလည်း ထမင်းကို မီးသွေးနဲ့ချက်နေကြရတယ်။ မီးသွေးတွေကလည်း ဈေးတက်နေတော့ တော်တော်တော့ ဒုက္ခရောက်နေကြရတာပေါ့။”ဟု ရန်ကုန်မြို့ခံတစ်ဦးက Tachileik News Agencyကို ပြောသည်။
ထို့အပြင် လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းနေသဖြင့် (၂၉၁) မဂ္ဂါဝပ်ခန့်လျော့နည်းနေသည်ဟု ဆိုသည်။
ရာဂီမုန်တိုင်းကြောင့်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေရသဖြင့် (၁၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်းကြောင့် စုစုပေါင်းဓာတ်အား (၁၄၄၀) မဂ္ဂါဝပ်ခန့်မှာ အသားတင် လျော့နည်းထုတ်လုပ်နေရသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။
ထို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ(၂၂၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ (၅၀) ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်နေသည်ဟု ဆိုသည်။
၂၀၂၅ခုနှစ်တွင် ရန်ကုန်တိုင်းသို့ (၄၈) ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို (၁၇) ရာခိုင်နှုန်း၊ ကျန်တိုင်းနှင့် ပြည်နယ်များကို (၃၅) ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲပေးနေရသည်ဟု စစ်ကောင်စီက ဖော်ပြသည်။
“မန္တလေးက ဆိုလာ တအားတပ်လာကြတယ်။ တမြို့လုံးပဲ။ လူလတ်တန်းစားအသိုင်းအဝိုင်းတွေက သိပ်မထိကြဘူး။ အင်ဘာတာတွေ သုံးကြတယ်။ ဆိုလာတွေသုံးကြတယ်ဆိုတော့ မန္တလေးတမြို့လုံးရဲ့ခေါင်မိုးတွေကိုကြည့်လိုက် ဆိုလာတွေချည်းပဲဖြစ်ကုန်ပြီ။ ခေါင်မိုးအပြည့်ကို ဆိုလာတပ်ထားတာ။ ဆိုလာမြို့တော်လို့တောင်ခေါ်တယ်။ စစ်ကောင်စီရဲ့မီးက တစ်ရက်ကို တစ်နာရီ၊ နှစ်နာရီလောက်ပဲပေးတာ တခါတလေဆို ၁၅ မိနစ်လောက်လာပြီး ပြတ်သွားတာ။”ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းတွင် အုပ်စု(၃)စုခွဲ၍ တစ်အုပ်စုလျှင်(၄)နာရီပေး (၈)နာရီပိတ်၊ (၄)နာရီပေး၊ (၄)နာရီပိတ် အလှည့်ကျစနစ်၊ မန္တလေးတိုင်းတွင် အုပ်စု(၄)အုပ်စုခွဲ၍ (၄)နာရီပေး (၁၂)နာရီပိတ် အလှည့်ကျစီနှင့် နေပြည်တော်ကိုမူ (၁၆)နာရီပေး (၈)နာရီပိတ်၊ ဝန်ထမ်းအိမ်ယာများအား (၁၈)နာရီပေး (၄)နာရီပိတ် စနစ်လုပ်ဆောင်နေသည်ဟု သိရသည်။
“ကျွန်တော်တို့က ဓာတ်တိုင်တွေကိုချိုးပြီး လက်နက်ထုတ်တာမဟုတ်ဘူး။ အဓိကအားဖြင့် စစ်ကောင်စီထောက်တိုင်ဖြစ်တဲ့ မိုင်တဲလ်လိုဖုန်းတိုင်တွေပေါ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေလမ်းကြောင်း တာဝါတိုင်တွေဖြစ်တယ်ပေါ့။ အဲဒါမျိုးတွေကို ဖျက်ပြီးမှ ကျွန်တော်တို့က မိုင်းလုပ်တာပေါ့နော်။ ဓာတ်တိုင်တွေကို မိုင်းခွဲတာတို့၊ ဖျက်ဆီးတာတို့၊ မိုင်းလုပ်တာတို့ကတော့ မလုပ်ပါဘူး။”ဟု စစ်ကိုင်းတိုင်းရှိ ယင်းမာပင်ခရိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးတပ်များဘက်က ဖျက်ဆီးမှုကြောင့် (၂၃၀)ကေဗွီဓာတ်အား လိုင်း (၇၇)တိုင်၊ (၁၃၂)ကေဗွီဓာတ်အားလိုင်း (၃၈)တိုင်၊ (၆၆)ကေဗွီဓာတ်အားလိုင်း (၅၆)တိုင်ကို ဖျက်ဆီးသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ကတော့ သူတို့ဘက်က အဲဒီလိုပြောတဲ့ကိစ္စကို ရှုံ့ချပါတယ်။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစု အများစုမှာဆိုရင် ပြည်သူကိုမျက်နှာမူပြီး တော်လှန်ရေးလုပ်နေကြတာပေါ့နော်။ ဓာတ်တိုင်တွေဖျက်ဖို့ကိစ္စက လုံးလုံးမှ တော်လှန်ရေးဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့ရော တော်လှန်ရေးရဲ ဘော်တွေအနေနဲ့ကော အခုချိန်ထိ ပြည်သူအနှောင့်အယှက်ဖြစ်မယ့်လုပ်ငန်း မလုပ်ဖူးသေးဘူး။ ဒီကိစ္စသည် သူတို့အနေနဲ့ ခေါင်းစဉ်တပ်ခြင်းမျှသာဖြစ်ပါလိမ့်မယ်။”ဟု ရွှေဘိုခရိုင်တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်းပြောသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံ(၃၀)ရုံရှိပြီး တပ်ဆင်စက်အင်အား မဂ္ဂါဝပ်(၃၂၃၂)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံ (၂၆)ရုံမှ (၃၂၆၈)မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံ(၂)ရုံမှ (၁၃၈)မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ(၈) ရုံမှ (၂၄၀)မဂ္ဂါဝပ်ထွက်ရှိသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:Internet (ပုံဟောင်း)