တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းကြီးတလျှောက် လမ်းဘေး ဈေးသည် နှင့် ပလက်ဖောင်းပေါ် ကျူးကျော်နေမှုများကို (၂)ရက် ဆက်တိုက် ရှင်းလင်း သိမ်းဆည်းမည်

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းကြီးတလျှောက် လမ်းဘေး ဈေးသည် နှင့် ပလက်ဖောင်းပေါ် ကျူးကျော်နေမှုများကို (၂)ရက် ဆက်တိုက် ရှင်းလင်း သိမ်းဆည်းမည်
ဇန်နဝါရီ 1, 2025 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် လမ်းမပေါ် နှင့် လမ်းဘေး ပလက်ဖောင်းပေါ်များတွင် ဈေးရောင်းချနေမှုများနှင့် ဆိုင်းဘုတ်အပါအဝင် ပစ္စည်းများ ချထားမှုများကို တွေ့ရှိပါက လိုက်လံသိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဌာနပေါင်းစုံဖြင့် ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ (၂)ရက်နေ့အထိ (၂)ရက်ဆက်တိုက် တာချီလိတ်မြို့တွင်း ပုန်းထွန်ရပ်ကွက်ထိပ်ကနေ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်ရှိ လမ်းဘေးပလက်ဖောင်းများပေါ် လိုက်လံ စစ်ဆေးကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ မြို့အတွင်းပိုင်း လမ်းဘေး ပလက်ဖောင်းတွေပေါ်မှာ သိမ်းဆည်းရှင်းလင်းသွားမယ် ပြောတယ်။ နောက်ပြီး မဟာမြတ်မုနိဘုရား ဝန်းကျင် ပတ်လည် လမ်းပေါ်တလျှောက် ဈေးရောင်းနေတာတွေကိုပါ တားမြစ်သွားဖို့ အသိပေးခိုင်းထားတယ်"ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် လမ်းဘေး ဝဲ/ယာတို့တွင် ဖွင့်လှစ်ထားသည့် ဆိုင်များအနေဖြင့် ပလက်ဖောင်း ပေါ်အထိ ဆိုင်းဘုတ်များနှင့် ရောင်းကုန်ပစ္စည်းများ ချထားခြင်း၊ ပျံကျဈေးသည်များ လမ်းဘေးတွင် ဖွင့်လှစ်ရောင်းချခြင်းများနှင့် ရေမြောင်းများပေါ် ပိတ်ဆို့ထားခြင်းများ မပြုလုပ်ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၄ခုနှစ်  ဒီဇင်ဘာလ(၂၅)ရက်နေ့ အပြီး ဖယ်ရှားပေးရန် ဒီဇင်ဘာလ(၁၃)ရက်နေ့ကတည်းက ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်တွင် ပျံကျဈေးသည်များ မရှိစေရေး နှင့် လမ်းပေါ် ရှင်းလင်းရေးအတွက် ရှမ်းရိုးမကွင်းရှေ့ရှိ ညဈေးတန်းအပါအဝင် လမ်းမတလျှောက်ရှိ ညပိုင်း စားသောက် ပျံကျဈေးသည်များကို   ညစျေး(Night Market) ဖော်ဆောင်ရန်အတွက် လက်ရှိတွင် ရွှေမြန်မာဟိုတယ်ရှေ့ရှိ ဂေါက်ကွင်းလမ်းအစကနေ ဂေါက်ကွင်းလမ်းအဆုံးရှိ မုခ်ဦးအနီးဝန်းကျင်အထိ လျာထားပြီး ကား/ဆိုင်ကယ်ရပ်နားရေး အပါအဝင် ဈေးရောင်းချမည့်နေရာ သတ်မှတ်ရေး စသည့် အသေးစိတ်ကိစ္စများကို ဆက်လက် ဆွေးနွေးပြီးမှသာ ဂေါက်ကွင်းလမ်းတလျှောက်ကို ညဈေးအဖြစ် အတည်ပြုမည်ဟုလည်း သိရသည်။