မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမည်

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမည်

စစ်ကိုင်းတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း တပ်မဟာအသစ် ဖွဲ့စည်းမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အသိပေးသည်။

စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားရန်ရည်ရွယ်ကာ စစ်ကိုင်းတိုင်းတွင် တပ်မဟာအသစ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ကိုင်းတပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်သည်ဟု ဆိုသည်။ 

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည်။ 

ထို့အပြင် မိုးကုတ်မြို့၊ နောင်ချိုမြို့တို့ကိုလည်း TNLA နှင့်အတူ တိုက်ခိုက်သိမ်းပိုက်ထားသည်။

လက်ရှိတွင် ရှမ်းမြောက်ထိုးစစ်အတွင်း ပါဝင်ခဲ့ကြသော အညာတော်လှန်ရေးတပ်အသီးသီးမှ ရဲဘော်များလည်း နေရပ်ပြန်လာကြပြီဖြစ်ကာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)လည်း မြန်မာပြည်အလယ်ပိုင်း၌ စစ်ရေးလှုပ်ရှားတော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။

ထို့အပြင် မကြာခင် မြန်မာပြည်အလယ်ပိုင်းတွင် တော်လှန်ရေးတိုက်ပွဲများ အရင်ကထက် ပိုပြီးမြင်တွေ့လာရမည်ဟုလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသေးသည်။

#TachileikNewsAgency

#TNA_MAT

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး တပ်ဖွဲ့ဝင်များ (ပုံဟောင်း)