မန္တလေးမြို့တွင် ရွှေဆိုင် (၂)ဆိုင် အပါအဝင် (၉)ရက်အတွင်း ဓါးပြတိုက်ခံရမှု (၃)ကြိမ် ဖြစ်ပွား

မန္တလေးမြို့တွင် ရွှေဆိုင် (၂)ဆိုင် အပါအဝင် (၉)ရက်အတွင်း ဓါးပြတိုက်ခံရမှု (၃)ကြိမ် ဖြစ်ပွား
ဒီဇင်ဘာ 26, 2024 | မှုခင်းသတင်း

 မန္တလေးမြို့တွင် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ (၉)ရက်အတွင်း နဂါးနန်းတော်ရွှေဆိုင် ဓါးပြတိုက်ခံရမှု အပါအဝင် ရွှေဆိုင်(၂)ဆိုင် နှင့် ငွေလဲလုပ်ငန်းတို့  ဓါးပြတိုက်ခံရမှု (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆) ရက်နေ့  နံနက်(၈)နာရီ(၄၅)မိနစ်တွင် ချမ်းအေးသာဇံမြို့နယ်အတွင်းရှိ နဂါးနန်းတော်ရွှေဆိုင်ကို လူနှစ်ဦးသည် ဆိုင်ကယ်ဖြင့်ရောက်လာပြီး လက်နက်များကိုင်ဆောင်ကာ  ဓားပြတိုက်သွား၍ ရွှေတစ်ပိဿပါသွားကြောင်း သိရသည်။

 

“နှစ်ယောက်ထဲလာတာ (သေနတ်)အရှည်ကိုင်ပြီး တိုက်တာဆိုတော့ မန္တလေးမြို့ထဲမှာ အရှည်ကိုင်ပြီး တိုက်ရဲသူဆိုတော့ စဉ်းစားကြည့်ပေါ့။ အဲဒီနေရာက မြို့လည်ခေါင်ကြီးမှာ ဘေးမှာလည်း ဒိုင်းမွန်းပလာဇာရှိတယ်။ တကယ့်မြို့လယ်ခေါင်ကြီးကို ဝင်တိုက်သွားတာ။ ရွှေတစ်ပိဿပါသွားတယ်။ စစ်ကောင်စီတပ်သားတွေရောက်နေပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ယနေ့ ဓါးပြဝင်တိုက်ခံရသည့် ရွှေဆိုင်သည်  ဒီဇင်ဘာလ(၁၈)ရက်နေ့က ဓါးပြတိုက်ခံရသည့်  ရွှေစင်အကယ်ဒမီရွှေဆိုင် နှင့် အနီးတွင် ရှိပြီး ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရမှုတွင်   ရွှေ(၄)ပိဿာဝန်းကျင် ပါသွားကြောင်း သိရသည်။

နဂါးနန်းတော်ရွှေဆိုင်သည် ပြီးခဲ့သည့်   ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တုန်းကလည်း ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

ဓါးပြတိုက်ခံရသည့် ရွှေဆိုင်များ အနီး (၇၈)လမ်း၊ လမ်း(၃၀)ရှိ ဘူတာကြီးတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲထားကာ ဘူတာကြီး၏ မြောက်ဘက်အနီး စစ်ကောင်စီတပ်၏ မြို့တွင်း စစ်ကြောရေးစခန်းရှိသည်ဟု သိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့ကလည်း ဆင်ဖြူတော်ငွေလဲဆိုင် ဓါးပြတိုက်ခံရ၍  ကျပ်သိန်းပေါင်း(၇၀၀) နှင့် ကားတစ်စီးပါသွားကြောင်း သိရသည်။

မန္တလေးမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ နဂါးနန်းတော်ရွှေဆိုင်၊ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ လင်းလက်ဝါ ရွှေပန်းထိန်ဆိုင်၊ ဆယ်သန်း ရွှေဆိုင် နှင့် ချောင်ချောင် ရွှေဆိုင်ပိုင်ရှင်နေအိမ်တို့ ဓါပြတိုက်ခံရမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် လှည့်လည်နေသလို ယူနီဖောင်းဖြင့်လည်း ကင်းချထားသည်များရှိသော်လည်း လုယက်မှုနှင့် ဓါးပြတိုက်မှုများမှာ မကြာခဏ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။