ဗီယက်နမ်နိုင်ငံတွင် Facebook နှင့် TikTok အသုံးပြုသူများကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးအတည်ပြုရန်နှင့် အာဏာပိုင်များထံ ထိုအချက်အလက်များ လွှဲပြောင်းပေးရန် လိုအပ်သည့် အင်တာနက် စည်းမျဥ်းအသစ်များ စတင် အသက်ဝင်ပြီဖြစ်ကြောင်း အစိုးရသတင်းဌာန VNExpress က ပြောသည်။
ဗီယက်နမ်၏ ယခု အင်တာနက် စည်းမျဥ်းအသစ်များက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ခိုက်မှုဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုနေကြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် စတင် အသက်ဝင်သော " Decree 147" အရ ဗီယက်နမ်တွင် လုပ်ငန်းလုပ်ကိုင်နေသော နည်းပညာကုမ္ပဏီကြီးများ အနေဖြင့် အသုံးပြုသူများကို မည်သူမည်ဝါ ဖြစ်ကြောင်း ၎င်းတို့၏ ဖုန်းနံပါတ်များ သို့မဟုတ် ဗီယက်နမ်မှတ်ပုံတင် နံပါတ်များမှတစ်ဆင့် စစ်ဆေးအတည်ပြုရမည်ဖြစ်ပြီး အသုံးပြုသူများ၏ နာမည်အပြည့်အစုံနှင့် မွေးသက္ကရာဇ်တို့နှင့်အတူ ထိုအချက်အလက်များကို သိမ်းထားရမည် ဖြစ်သည်။
အာဏာပိုင်များက တောင်းဆိုလာသည့်အခါ ထိုအချက်အလက်များကို ပေးအပ်ရမည်ဖြစ်ပြီး အစိုးရက တရားမဝင်ကြောင်း သတ်မှတ်သည့် မည်သည့် အကြောင်းအရာကိုမဆို (၂၄) နာရီအတွင်း ဖယ်ရှားပစ်ရမည် ဖြစ်သည်။
ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်များ အားလုံးမှာ ဗီယက်နမ်မှ ပုံမှန် အသုံးပြုသူ စုစုပေါင်း အရေအတွက်နှင့် တစ်လလျှင် ပုံမှန်အသုံးပြုသူ အရေအတွက်တို့ကို အာဏာပိုင်များထံ ရက် (၉၀) အတွင်း ပေးအပ်ရမည်ဟု ဆိုသည်။
"အမြင်မတူသူတွေကို လူသိရှင်ကြား ဖိနှိပ်ဖို့ Decree 147 ကို အသုံးပြုလိမ့်မယ်" ဟု followers (၂၈,၀၀၀) ရှိသည့် Facebook အကောင့်တွင် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများကို ရေးသားလေ့ရှိသော တက်ကြွလှုပ်ရှားသူ Dang Thi Hue က ပြောသည်။
"Decree 147 က ဘယ်ဟာက ဥပဒေနဲ့အညီဖြစ်တယ် ဘယ်ဟာက ဥပဒေနဲ့မညီညွတ်ဘူးဆိုတာကို မရေမရာ ပိုင်းခြားထားပြီး အခြေခံ လွတ်လပ်မှုကို ထိပါးတဲ့ လက္ခဏာ ဖြစ်တယ်" ဟု နိုင်ငံရေးအကျဥ်းသားဟောင်း Le Anh Hung က ဆိုသည်။
"ဘယ်သူမှ ထောင်ထဲ မသွားချင်ကြပါဘူး။ ဒါကြောင့် တချို့ တက်ကြွလှုပ်ရှားသူတွေက Decree 147 ကို ပိုသတိထားပြီး ကြောက်ကြပါလိမ့်မယ်" ဟုလည်း ၎င်းက ပြောသည်။
သဘောထားတင်းမာသော ဗီယက်နမ်အစိုးရက များသောအားဖြင့် သဘောထားကွဲလွဲသူများကို ဖိနှိပ်ချေမှုန်းရန် အလျင်အမြန် လုပ်ဆောင်ပြီး ဝေဖန်သူများကို ဖမ်းဆီးလေ့ရှိသည်။
အထူးသဖြင့် ဆိုရှယ်မီဒီယာတွင် ပရိသတ်ရှာသူများကို ပစ်မှတ်ထားလေ့ရှိကြောင်း သိရသည်။
ထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် YouTube တွင် follower (၁၂၀,၀၀၀) နီးပါးရှိပြီး အစိုးရကို ဝေဖန်ပြောဆိုမှုများ ပုံမှန် live လွှင့်လေ့ရှိသူ ဘလော့ဂါ Duong Van Thai ကို နိုင်ငံတော်အစိုးရ ဆန့်ကျင်ရေး သတင်းအချက် ဖြန့်ဝေမှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့သည်။
ဗီယက်နမ်က Decree 147 ကို ၂၀၁၈ ဆိုက်ဘာလုံခြုံရေး ဥပဒေပေါ်တွင် အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်သည်။ ဗီယက်နမ်၏ ၂၀၁၈ ဆိုက်ဘာလုံခြုံရေး ဥပဒေမှာ တရုတ်၏ အင်တာနက် ဖိနှိပ်ချုပ်ချယ်မှုကို ပုံတူကူးချထားခြင်းဖြစ်ကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အင်တာနက်လွတ်လပ်ခွင့် အားပေးသူများက ပြတ်ပြတ်သားသား ဝေဖန်ခဲ့ကြသည်။
Source: AFP