မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ ပေးဆပ်အောင်ပွဲဆင်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း ချင်းပြည်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်း အောင်ပွဲဆင်နွှဲခဲ့ကြသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၊ တိုက်ပွဲဝင် သူရဲကောင်းများ၏ အသက်သွေးချွေး စတေးပေးဆပ်အောင်ပွဲဆင်နိုင်မှုအပေါ် လေးမြတ်စွာဂုဏ်ပြုသည်ဟု ဖော်ပြထားသည်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ ကင်းစင်ရေး၊ အပြီးတိုက်ထုတ်ရေး တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဖြင့် ထိုးစစ်ဆင်နေချိန်ကာလဖြစ်သည်ဟုလည်း ဆိုသည်။
ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေကြသော သူရဲကောင်းစစ်သည်များ၊ အသက်သွေးပေးဆပ်ခဲ့သူများအား ဦးညွတ်အလေးပြုသည်ဟုလည်း ဆိုသည်။
ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား ကွဲလွဲမှုများရှိနေသည့် အခြေအနေတွင် ပြန်လည်ပေါင်းစည်းနိုင်ရေး ချင်းညီနောင်ဘက်က ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းကာ တတိယ အင်အားစုများမှတဆင့် ကြိုးပမ်းသွားမည်ဟု ချင်းညီနောင်ဘက်က ပြောဆိုထားသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ကွဲလွဲမှုသည် စစ်အာဏာရှင်ကို ဖြုတ်ချရေးလောက် အရေးမကြီးဟုလည်း ထည့်သွင်းပြောဆိုသည်။
ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့နှင့် ဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့တို့သည် သဘောထားကွဲလွဲမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကာ လက်ရှိတွင် နှစ်ဖက်အကြားဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု သိရသည်။
ချင်းညီနောင်တွင် CDF မင်းတပ်၊ မရာတပ် MDF၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ (၁)၊ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တို့ပါဝင်ပြီး အရက္ခတပ်တော်(AA)သည် မဟာမိတ်ဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo: Chinland Council