ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ပြည်သူနေအိမ် (၂၀၀)ကျော်အား မီးရှို့ဖျက်ဆီးကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ထံမှ သိရသည်။
ရွာငံမြို့နယ် ရေလှကျေးရွာမှ မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား (၁၁၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်မှ ပဒေသာမိုင်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီမှ ဆက်လက်ထိုးဖောက်ဝင်ရောက်လာသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များ နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက် (၁၀)နာရီခန့်မှ စတင်ပြီး စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် မင်းပလောင်ကျေးရွာမှ နေအိမ် (၂၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
“မင်းပလောင်ရွာက ရွာလုံးကျွတ်ရှို့ခံလိုက်ရတာဗျ။ အိမ်ခြေ (၂၀၀)ကျော် ပြာကျသွားတယ်။ အခုထိ ပြန်မဆုတ်သေးဘူးဗျ။ အရပ်သား ထိခိုက်မှု အတည်မပြုနိုင်သေးဘူး။ ပြည်သူ (၇၀၀)ကျော် ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေပါတယ်ဗျ။”ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
ရွာငံမြို့နယ်အတွင်း ဒီဇင်ဘာလ (၂၀)ရက်နေ့မှ စတင်သည့် နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးခန့် သေဆုံးပြီး (၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်အထိ စစ်ကောင်စီဘက်မှ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ဆက်လက်နေရာထားဆဲဖြစ်သည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။
နေအိမ်မီးရှို့ခံရမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများ ရင်ဆိုင်နေရပြီး အရေးအပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား နေအိမ် (၁)သိန်းကျော် ပျက်စီးခဲ့ရကြောင်း Data For Myanmar ၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Video: DSNDA