အမေရိကန်ပြည်ထောင်စုတွင် TikTok ပိတ်ပင်မည့်ကိစ္စ အယူခံဝင်မှုအပေါ် တရားရုံးချုပ်က ကြားနာမည်

အမေရိကန်ပြည်ထောင်စုတွင် TikTok ပိတ်ပင်မည့်ကိစ္စ အယူခံဝင်မှုအပေါ် တရားရုံးချုပ်က ကြားနာမည်
ဒီဇင်ဘာ 20, 2024
By Mr John

  TikTok  ကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၅ ဇန်နဝါရီလ (၁၉) ရက်နေ့ နောက်ဆုံးထားပြီး မရောင်းချပါက ပြည်ထောင်စုအဆင့် ပိတ်ပင်သွားမည်ကို တားဆီးရန် TikTok ၏ အယူခံဝင်မှုအပေါ် တရားရုံးချုပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကြားနာမည်ဟု သိရသည်။



ပြည်ထောင်စုအဆင့် ပိတ်ပင်မှုကို ယာယီ ဆိုင်းငံ့ထားရန် TikTok ၏ အယူခံကို အောက်တရာရုံးတစ်ခုက ပယ်ချလိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် တရားရုံးချုပ်ထံမှ ကြားနာမည့် ကြေညာချက်ထွက်လာခြင်း ဖြစ်သည်။



အမေရိကန်တွင် အသုံးပြုသူ သန်း (၁၇၀) ကျော်ရှိသည့် TikTok က လုပ်ငန်းရောင်းချရန် သို့မဟုတ်ပါက ပိတ်ပင်ခံရမည့် ဆုံးဖြတ်ချက်အေပါ် စောဒကတက်ခဲ့ပြီး ဖြစ်လာနိုင်ခြေရှိသည့် ပိတ်ပင်မှုက အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိမ့်မည်ဟု အငြင်းပွား ထောက်ပြထားသည်။ 



ဥပဒေ အဆုံးအဖြတ်ကို ပယ်ဖျက်ရန် TikTok ၏ လျှောက်ထားမှုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အ‌စောပိုင်းတွင် Columbia Circuit ခရိုင် အယူခံတရားရုံး၏ တရားသူကြီး (၃) ဦးပါ တရာသူကြီးအဖွဲ့က ပယ်ချထားသည်။ 

TikTok မှတစ်ဆင့် တရုတ်အစိုးရက အချက်အလက် စုဆောင်းခြင်း သို့မဟုတ် အကြောင်းအရာများကို ခြယ်လှယ်ခြင်း လုပ်ဆောင်နိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။



အကယ်၍ တရားရုံးချုပ်ကလည်း TikTok ကို ပိတ်ပင်ရန် အတည်ပြုပါက အမေရိကန်တွင် TikTok အသုံးပြုမှု ပိတ်ပင်ခြင်းမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ပွဲမတိုင်မီ ရှေ့တစ်ရက်တွင် စတင်သက်ရောက်လာမည် ဖြစ်သည်။ 

ထရမ့်က TikTok ပိတ်ပင်မည့်ကိစ္စ ပယ်ဖျက်ရန် စဉ်းစားမည်ဟုလည်း အရိပ်အမြွက် ပြောထားသည်။

ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ABC News သတင်းဌာနကို ယခင် ပြောကြားထားမှုအရ TikTok အနေဖြင့် အမေရိကန် အသုံးပြုသူများ၏ အချက်အလက်ကို တရုတ်အစိုးရနှင့် မျှဝေခဲ့သည် သို့မဟုတ် တရုတ်အစိုးရက ထိုသို့ မျှဝေရန် TikTok ကို ပြောဆိုထားသည်ဆိုသော အထောက်အထား အနည်းငယ်သာရှိကြောင်း သိရသည်။ 

TikTok က ပိတ်ပင်မှုကို အရေးပေါ် ဆိုင်းငံ့ပေးရန်အတွက် အမေရိကန် တရားရုံးချုပ်ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် လျှောက်ထားခဲ့သည်။

ရွေးကောက်ခံသမ္မတ ထရမ့်ကလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့၌ပင် TikTok စီအီးအို Shou Chew ကို ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် တွေ့ဆုံခဲ့သည်။ 

ထိုနေ့ အ‌စောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထရမ့်က TikTok မှာ သမ္မတရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင်များထံမှ မဲရရှိရန် ကူညီပေးမှုအတွက် ၎င်း၏ ရင်ထဲတွင် TikTok အတွက် နွေးထွေးသော နေရာတစ်ခုရှိထားသည်ဟုလည်း တင်စားပြောခဲ့သည်။



တစ်ချိန်က TikTok ကို ဝေဖန်သူတစ်ဦးဖြစ်သည့် ထရမ့်က ဖြစ်နိုင်ခြေရှိသော ပိတ်ပင်မှုကို ကွန်ဂရက်လွှတ်‌တော်တွင် အတည်မပြုမီ သီတင်းပတ်များအလို ၂၀၂၄ ခုနှစ် မတ်လတွင် သဘောထားပြောင်းသွားခဲ့ကြောင်း သိရသည်။

 

Source: ABC News

 

 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...