ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် SSPP ၏ ယာဥ်တန်းနှင့် အရပ်သားကားတစ်စီးကို RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်သည်ဟု SSPP က ဖော်ပြသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် တုံလောကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ စစ်ယာဉ်တန်းနှင့် အရပ်သား ယာဉ်တစ်စီးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က မိုင်းဆွဲ တိုက်ခိုက်သည်ဟု ဆိုသည်။
မိုင်း(၁၉)လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း (၂)လုံးကိုလည်း SSPP တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် SSPP ယာဥ်တစ်စီး မိုင်းစထိမှန်၍ အနည်းငယ် ပျက်စီးသွားခဲ့ပြီးနောက် (၁၀)မိနစ်အကြာတွင် အရပ်သားယာဉ်တစ်စီးကိုပါ RCSS က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
မော်တော်ယာဉ်နှင့် အတူစီးနင်းလိုက်ပါလာသည့် မိသားစုဝင် (၃)ဦး မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်လည်း မိုင်းစထိမှန်၍ ပျက် စီးသည်ဟု ဖော်ပြသည်။
ထိမှန်ဒဏ်ရာရရှိထားသူများအား ဒေသတွင်း ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားသည်ဟုလည်း သိရသည်။
ဒဏ်ရာရသူများမှာ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာအုပ်စုအတွင်း နောင်လျှော်ကျေးရွာနေ အသက်(၂၅)နှစ်ရှိ ဆရာမ နန်းလောဝ်ဟွမ်ဖွေး နှင့် ၎င်း၏ သမီးဖြစ်သူ အသက်(၁)ကျော်အရွယ်ရှိ နန်းအွန်ဖွေးဆိုင် အပါအဝင် သုံးလသားအရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်သည်ဟု ဆိုသည်။
Photo: SSPP