ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO က ပြောင်းချိုးနေသည့် မိသားစုအပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲချ

ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO က ပြောင်းချိုးနေသည့် မိသားစုအပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲချ

ရှမ်ပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က ပြောင်းချိုးနေသည့် ဒေသခံ မိသားစုပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲချရာ သားအမိ (၂)ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထံမှ သိရသည်။

ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာမှ ဒေသခံ မိသားစုဝင် (၃)ဦးသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ၎င်းတို့၏ ပြောင်းခြံတွင် ပြောင်းချိုးနေစဉ် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပြောင်းခြံအတွင်းရှိ နန်းထွေးနှင့် (၂)နှစ်အရွယ် ၎င်း၏ ကလေးမှာ ဗုံးကြဲခံရသည့်နေရာတွင်ပင် သေဆုံးခဲ့ရပြီး ဖခင်ဖြစ်သူ ခွန်ငယ်လေးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု PNLAက ဆိုသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် လက်ရှိအချိန်တွင် ပအိုဝ်းဒေသအား အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျှက်ရှိရာ ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ အိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီတပ်၏ ဒရုန်းတစ်စင်း (ပုံဟောင်း)