မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဝါတော်(၂၇)ဝါရှိသည့် ဘုန်းကြီးတစ်ပါးကို Facebook တွင် ရေးသား ပြောဆိုမှုကြောင့် တိုင်းမှူး အမိန့်ဟုဆိုကာ ဖမ်းဆီးပြီး လူဝတ်လဲလိုက်ကာ ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ (၂)ခုဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၊ အိုဆဲဗင်းတောင်ခြေရှိ ကုသိန္နာရုံကျောင်းတိုက်မှ ဦးဇင်း ဦးသုမနအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ ည(၁၀)နာရီကျော်အချိန်က တာချီလိတ်တပ်နယ်က လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇင်း ဦးသုမနအား ပုန်းထွန်မှ လွယ်တော်ခမ်းသွားရာ လမ်းတလျှောက်ရှိ မယ်ဆိုင်ချောင်းဘေးနှင့် ပတ်သက်ပြီး Facebook ပေါ်တွင် ရေးသား၍ဟုဆိုကာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၏ အမိန့်ဖြင့် ချက်ချင်းသင်္ကန်းချွတ်ကာ လူဝတ်လဲစေပြီး ပုဒ်မ ၅၀၅-က အပါအဝင် ပုဒ်မ (၂)ခုဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
"ညတွင်းချင်း ဖမ်းပြီးတော့ လူဝတ်ချက်ချင်းလဲပြီး စစ်ကြောရေး ခေါ်သွားတယ်။ ဆူပူအောင်လှုံ့ဆော်မှု၊ အာဏာပိုင်တွေကို စော်ကားမှု၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုဆိုပြီး စွပ်စွဲပြီးတော့ ပုဒ်မ(၂)ခုနဲ့ အမှု ဖွင့်လိုက်ကြတယ်။ အဓိက ကတော့ ရေချောင်းကိစ္စကို facebook ပေါ် ပိုစ့်တင်ပြီးရေးလို့တဲ့။ ဖမ်းဆီးရေးအဖွဲ့က ပြောတာကတော့ တိုင်းမှူးအမိန့်နဲ့ ဖမ်းခိုင်းလို့ လာဖမ်းတာလို့ ပြောတယ်လို ပြန်ကြားရတယ်။"ဟု ဦးဇင်း ဦးသုမန၏ အမည်မဖော်လိုသည့် ဒါယိကာတစ်ဦးက ပြောပြသည်။
ဦးဇင်း ဦးသုမနသည် "ဦးသု မန"အမည်ရှိ ၎င်း၏ Facebook စာမျက်နှာတွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့က"လက်သဲဆိတ်လက်ထိပ်နာတယ် ဆိုတဲ့စကားပုံအတိုင်း ဒီနေ့ ပုန်းထွန်ချောင်းဘေး ဦးစိုးဦး အနားမှာနေတဲ့ ဆွမ်းဒကာမ တစ်ယောက်က လျောက်တယ်။ သူတို့အိမ်တွေ (၁)လပိုင်း (၁)ရက်နေ့ နောက်ဆုံးထား ဖျက်ပေးရမယ်တဲ့။ အဲဒီတော့ ကျုပ်က မေးတယ်။ ချောင်းထဲမှာ ဆောက်ထားတဲ့ TOC ဆီပန့် ချောင်းဘောင်ပေါ် ဆောက်ထားတဲ့ စန်းရေသောက်ရေသန့်ရှေ့က အိမ်တွေကော ဆိုတော့ သူတို့က ပိုက်ဆံရှိတော့ ပြောရဲမှာ မဟုတ်ဘူးတဲ့။ ဪ တာချီလိတ်က တရားဥပဒေက ပိုက်ဆံ မရှိသူ အခြေခံလူတန်းစားတွေ အတွက် တကယ်အသက်ဝင်ပီး တောင်ဖြို ရွှေတူး ချောင်းဖျက် နေသူတွေအတွက် ကျိုင်တုံတိုင်းမှူး တာချီလိတ်ခရိုင်/မြို့နယ်/ဗျူဟာမှူးတွေ နီးစပ်ရာ စစ်စခန်း တွေက ပိုက်ဆံရတော့ ဥပဒေဆိုတာ ခရိုနီ ခရိုစိမ်းတွေ အတွက် မဟုတ်ဘဲ ကြောက်တက်တဲ့ အခြေခံကျောမွဲ ပြည်သူတွေအတွက်ဘဲ အသက်ဝင်တာပါလားလို့ သဘောပေါက်မိတယ်။"ဟု ရေးသားထားသည်။
ယင်းအပြင် "မှတ်ချက် ပုန်းထွန်ချောင်းဘေးမှာ တရားမျှတမှု မရှိရင် ပြည်သူတွေနဲ့အတူ ဆန္ဒပြသင့်ရင် ပြရပါလိမ့်မည်။ လိပ်စာရှာနေရမှာစိုး၍ တပါတည်းရေးလိုက်မည် ဦးသုမန အိုဆဲဗင်းတောင်ခြေ ဇာတိမန္တလေးတိုင်းဒေသကြီး နွားထိုကြီးမြို့"ဟုလည်း ရေးသားထားသည်။
ဦးဇင်း ဦးသုမန အနေဖြင့် ယင်းသို့ ရေးသားထားခြင်းသည် သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံတော် အစိုးရအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် နှင့် အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု ဖြစ်သည်ဟု စွပ်စွဲကာ စစ်တပ်၏ ခိုင်းစေချက်အရ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဝင်းလှိုင်က တရားလို ပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။
လက်ရှိတွင် သင်္ကန်းချွတ်ကာ လူဝတ်လဲခံထားရသည့် ဦးဇင်း ဦးသုမနအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၈၅/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/၂၉၅-က ဖြင့် အမှုဖွင့်ပြီး အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
ဦးဇင်း ဦးသုမနရေးသားသည့် ချောင်းမှာ ပုန်းထွန်ရပ်ကွက်ကနေ လွယ်တော်ခမ်းတံတားသို့ သွားရာ ချောင်းဘေးတလျှောက်အခြေအနေကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချောင်းတလျှောက်ရှိ အချို့ နေရာများတွင် စစ်မှူထမ်းဟောင်းအချို့အပါအဝင် စစ်တပ်နှင့်နီးစပ်သူများက ငွေကြေးများပေးပြီး လုပ်ဆောင်နေမှုများကြောင့် မကြာခဏ အငြင်းပွားမှုများ ရှိနေသလို ဒေသအုပ်ချုပ်ရေးအာဏာပိုင်းများကလည်း ထိန်းကွပ်နိုင်ခြင်းမရှိ၍ မျက်ကွယ်ပြုထားသည်ဟု သိရသည်။
"ဦးဇင်းကို တော်တော်များများက ဦးဇင်း ဝတုတ်ဆိုပြီး လွယ်တော်ခမ်းဘက်မှာ မသိသူ သိပ်မရှိဘူး။ ပျော်ပျော်နေတတ်ပြီး သဘောကောင်းသူမို့ ခင်မင် ကြည်ညိုသူများတယ်။ အခုကိစ္စမှာလည်း ဦးဇင်းရေးထားတာကို ကျွန်တော် သေချာ ဖတ်ကြည့်တယ်။ တစ်လုံးမှ အမှားမပါဘူး။ သူပြောဆိုတာထားတာတွေက တကယ့် ဖြစ်စဉ် အမှန်တွေ။ တာချီလိတ်ရဲ့ ဥပဒေဆိုတာကလည်း ငွေများ တရားနိုင်။ အမှန်ပြောတော့ ခံရတယ်။ ရွာပြင်ရောက်တယ်ဆိုတာ အခုတော့ လက်တွေ့ပဲဗျာ။ ဦးဇင်းဝတုတ်အတွက် တကယ်ကို စိတ်မကောင်းဘူး။ သူက အခုမှ သင်္ကန်းထဝတ်သူလည်းမဟုတ်ဘူး။ ဝါတော်(၂၇)ဝါရှိနြေီ။ သက်ဆိုင်ရာတွေအနေနဲ့ ဗုဒ္ဓဘာသာ စစ်မှန်ရင် ငှဲ့ညာ စဉ်းစားပေးသင့်တယ်လို့ မြင်ပါတယ်"ဟု ဦးဇင်း ဦးသုမန နောက်ထပ် ဒါယိကာတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသည့် ဦးဇင်းဦးသုမနသည် သက်တော် (၄၆)နှစ်ရှိပြီး ဝါတော်အားဖြင့် (၂၇)ဝါရှိနေပြီ ဖြစ်ကြောင်း သိရသည်။