ရခိုင်ပြည်နယ် တစ်ခုလုံး AA လက်ထဲ မကြာမီ ရောက်ရှိတော့မည့် အခြေအနေတွင် တော်လှန်ရေးတပ်များ  လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆို

ရခိုင်ပြည်နယ် တစ်ခုလုံး AA လက်ထဲ မကြာမီ ရောက်ရှိတော့မည့် အခြေအနေတွင် တော်လှန်ရေးတပ်များ  လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောဆို

 ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနေပြီး ရခိုင်ပြည်နယ်တစ်ခုလုံး AA လက်ထဲ ရောက်ရှိတော့မည့် အခြေအနေဖြစ်နေသလို ဗိုလ်မှူးချုပ်အဆင့်ထိပါ စစ်သုံ့ပန်းအဖြစ် AA ထံတွင် ဖမ်းဆီးခံရသည့် အခြေအနေအထိ ဖြစ်ပွားနေချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်အောင်လှိုင်က တော်လှန်ရေးတပ်များ  လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ထည့်သွင်ကာ ထပ်မံ ပြောကြား ပြန်သည်။ 

"လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့ လိုလားချက်ကို တောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်"ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်အောင်လှိုင်က ပြောကြားထားခြင်း ဖြစ်သည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းသို့ ပြောကြားထားခြင်း ဖြစ်သည်။

 ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာထဲတွင် အာဏာသိမ်းစစ်ကောင်စီ လက်ထက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆိုးကျိုးများအနက် ၎င်းတို့၏ လုပ်ရပ်ကောင်းမွန်မှုများကိုသာ ရွေးချယ်ပြီး အဓိက ရည်ညွှန်းပြောကြားထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လေတပ်ကို အဓိကအားထားပြီး ဗုံးကြဲတိုက်ခိုက်မှုများကို   နေ့စဉ် ပြုလုပ်နေသော်လည်း စစ်ရေးရှုံးနိမ့်လာချိန်တိုင်း တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်စွန့်ရန်ကို ကြုံတိုင်း ပြောလေ့ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များအနက် ရှမ်းပြည်နယ်အတွင်း ပြည်နယ်ခွဲ(၃)ခုတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအပြတ်အသတ်ရှုံးသွားပြီး ကျန်ပြည်နယ်အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး နီးပါးတွင်လည်း အရှုူံးကြီးရှုံးကာ ရင်ဆိုင်နေရပြီး စကခမှူးများ သေဆုံးမှု နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည်အထိ ဖြစ်ပေါ်နေလျှက်ရှိသည့်အပြင်  စစ်ဌာနချုပ်များပါ သိမ်းပိုက်ခံရသည့် အခြေအနေအထိ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 အာရက္ခတပ်တော်(AA)သည် ၁၀၂၇ ပထမ နှင့် ဒုတိယ စစ်ရေးကာလတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်စုစုပေါင်း (၁၇)မြို့နယ်အနက် မြို့နယ်ပေါင်း(၁၀)မြို့နယ်ကျော်ကို သိမ်းပိုက်ထားပြီး လက်ရှိတွင် ကျန်ရှိသည့် မြို့နယ်များကိုလည်း စစ်ရေးဗျူဟာမြောက်စွာ ထိုးစစ်ဆင်နေလျှက်ရှိရာ စစ်ရေးသုံးသပ်သူများက ရခိုင်ပြည်နယ်တစ်ခုလုံး  အာရက္ခတပ်တော်(AA)လက်ထဲ မကြာမီရောက်ရှိနိုင်တော့မည်ဟု သုံးသပ်ထားကြသည်။