ကရင်နီနှင့် ရှမ်းတောင် နယ်စပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့များကို ဒရုန်းဖြင့်ကြဲချတိုက်ခိုက်သဖြင့် တော်လှန်ရေးရဲဘော်များ မူးဝေအော့အန်ခြင်းများဖြစ်ပွားသည်ဟု KNDF က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။
မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသော ခမရ(၄၂၂)တပ်မှ ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၈)ရက်နေ့တို့တွင် မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS(အက်စ်ဖော့စ်)တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများအား ထည့်သွင်းအသုံးပြုခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများကိုတစ်ပါတည်း ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီးဝန်ကျင်တွင် မီးခိုးအများအပြားထွက်လာပြီး ရှူရှိုက်မိသော တော်လှန်ရေးရဲဘော်တချို့မှာ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ် မလန်းဆန်းခြင်းနှင့် အားပြတ်ခြင်းတို့ကို ခံစားခဲ့ရသည်ဟု ဖော်ပြသည်။
ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ချိန်တွင် တော်လှန်ရေးတပ်များဘက်က ထိခိုက်မှုများမရှိသော်လည်း အဆိုပါ ဝေဒနာများ ခံစားကြရ၍ ဗုံးသီးကျရောက်သည့်နေရာများအား စစ်ဆေးရာက အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြုတိုက်ခိုက်သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်လာမှုကြောင့် အများပြည်သူများအနေဖြင့် သတိကြီးစွာထား၍ နေထိုင်ကြရန်နှင့် အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း၊ တိုက်ခိုက်ခံရသည့် နေရာများနှင့် မိမိ၏ အနီးဝန်းကျင်တွင် ဖြစ်ပေါ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာများသို့ ပုန်းခို၍ ရှောင်ရှားကြရန် အထူးအသိပေးထားသည်။
ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှုများဖြစ်ပွားနေပြီး စစ်ကောင်စီဖက်မှ ဒရုန်းအသုံးပြု၍ စစ်ဆင်ရေးများလုပ်ဆောင်လာကာ အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာ၍ အထူးသတိပြုကြရန် တိုက်တွန်းထားသည်။
#TachileikNewsAgency
Photo:KNDF