ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ရဲကင်းစခန်းကို နွားထိုးကြီး PDF ဝင်တိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ရဲကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သည်ဟု နွားထိုး ကြီး PDF ထံမှ သိရသည်။

အမြန်လမ်း‌ပေါ်မှ ခရီးသွားလာ နေကြသည့် ပြည်သူများအား မှတ်ပုံတင်စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့်် မသင်္ကာသည့် လူငယ်များအား ဖမ်းဆီးခြင်းများပြုလုပ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၁၈)နှင့် (၃၁၉)ကြားရှိ ရဲကင်းစခန်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီလမ်းမှာ မိုင်းဆွဲတာ (၅) ကြိမ်နဲ့အထက်ပေါ့နော်။ လမ်းပေါ်မှာသွားနေတဲ့ စစ်ကားတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ အခုက အရင်နဲ့မတူတော့ဘူး လမ်းပေါ်မှာတက်ပြီး တိုက်ပွဲဖြစ်တာပေါ့နော်။ အရပ်သား ပြည်သူကို သွားလာခွင့်ကတော့ လုံးဝပိတ်ထားတာတော့ မဟုတ်ဘူး။ သတိထားသွားလာဖို့၊ စုံစမ်းပြီးတော့မှ သွားလာဖို့ ပြီးရင် စကစနဲ့ အနီးဆုံးနေရာတွေမှာ မနေဖို့တွေကော ပြောထားတာပါ။”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် အင်အားဖြည့်ပြီး အမြန်လမ်းတကြော၌ လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့ ဝင်တိုက်တော့ မိတ္ထီလာဘက်က စစ်ကူက အရမ်းမြန်တော့ စခန်းသိမ်းဆည်းရရှိတဲ့ အနေအထားမျိုးတော့ မရခဲ့ဘူး။ သိမ်းဆည်းရရှိတဲ့ ပစ္စည်းမျိုးတွေလည်း မရခဲ့ဘူးပေါ့နော်။”ဟု ၎င်းကဆက်ပြောသည်။

နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အမြန်လမ်းပေါ် ခရီးသွားနေကြသည့် အရပ်သားများ ကားပေါ်မှဆင်းပြေးခဲ့ကြရသည်။

“အရပ်သားတွေကို ဖမ်းဆီးတာတော့ မကြားမိဘူး။ သူတို့ဘက်က အထိအခိုက်ရှိတာတော့ ကြားတယ်။ သယ်သွားတာလည်း မိတ္ထီလာဘက်ကို သယ်သွားတာဆိုတော့။ စစ်ဆေးရုံဖြစ်နေတဲ့အတွက် စုံစမ်းရတာ နည်းနည်းတော့ အခက်အခဲရှိတယ်။”ဟု ၎င်းကဆက်ပြောသည်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၄)၊ အမှတ်(၁၀) တပ်ရင်းဖြစ်သည့် နွားထိုးကြီး PDF က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

နွားထိုးကြီး PDF သည် ၂၀၂၄ခုနှစ် ဇူလိုင်လကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၂၂)အနီး၌ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

Video : CJ