မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုတပ် (Tesco Lotus )နှင့် မက်ခိုး ( Makro )သို့ ဈေးဝယ်သွားသူများနေဖြင့် လမ်းဖြတ်ကူးခွင့်မရှိဘဲ ဖြတ်ကူးသည့်အတွက် မကြာခဏ ယာဉ်တိုက်ခံရမှုများနှင့် ကြုံနေရကြောင်း သိရသည်။
ယခုလ၏ ဒီဇင်ဘာလ(၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က LineMan အစားအသောက်ပို့ဆောင်သူ တစ်ဦး မောင်းလာသည့် ဆိုင်ကယ်နှင့် လမ်းဖြတ်ကူးသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့ တိုက်မိမှု ဖြစ်ပွားခဲ့သေးသည်။
ယင်းမတိုင်မီကာလကလည်း လမ်းဖြတ်ကူးမှုကြောင့် တိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လိုတပ် (Tesco Lotus )နှင့် မက်ခိုး ( Makro )အကြား ထနွန် ဖဟိုယီုထင်း လမ်းမကြီးပေါ်တွင် ယာဉ်နှင့်လူ တိုက်မိမှု မကြာခဏ ဖြစ်ပွားသည့်အတွက် မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထိုင်းဘာသာစာသားအပြင် "အန္တရာယ်များ၍ လမ်းလယ်ကျွန်းကို မကူးပါနှင့်"ဟု မြန်မာဘာသာဖြင့်ပါ ပူးတွဲဖော်ပြကာ သတိပေးဆိုင်းဘုတ်များ ထောင်ထားရသည်။
ယင်းသို့ သတိပေးဆိုင်းဘုတ်များ ထောင်ထားသော်လည်း လမ်းဖြတ်ကူးသူများ ရှိနေဆဲဖြစ်ပြီး ယာဉ်နှင့်တိုက်မိမှုများလည်း မကြာခဏ ဖြစ်ပွားနေလျက်ရှိသည်ဟု သိရသည်။
"အဲ့နေရာမှာက တကယ် တိုက်မှုဖြစ်ရင် ကိုယ်ဖြစ် ကိုယ်ခံဘဲ၊ သူတို့ကို တရားစွဲလို့မ ရသလို လျော်ကြေးလည်း မရဘူး။ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်ဆိုပြီး သူတို့ကတောင် တရားပြန်ဆွဲလို့ရတဲ့ အနေအထား။ လမ်းမကူးဖို့လည်း သူတို့က သတိပေးဆိုင်းဘုတ်တွေလည်း ထောင်ထားတာ။ ကျွန်မတောင် ဆိုင်ကယ်မောင်းသွားတာ တိုက်မိတော့မလို့။ သူတို့က လမ်းကို ပြောင်းပြန်ကြည့်တော့ ပိုဆိုးတာ"ဟု တာချီလိတ်ဘက်မှ ဆိုင်ကယ်ဖြင့် သွားသူ တစ်ဦးက ပြောပြသည်။
ဒီဇင်ဘာလ နှစ်သစ်ကူးကာလတွင် ခရီးသွားယာဉ် များမည်ဖြစ်သည့်အတွက် တားမြစ်ထားသည့် အဆိုပါနေရာများကနေ လမ်းဖြတ်ကူးမည်ဆိုပါက အထူးသတိထားဖို့လိုကြောင်း ထပ်လောင်း အသိပေးပြောထားသည်။
"အခု နှစ်သစ်ကူးကာလဆိုရင် ထိုင်းပြည်တွင်းက လူတွေက ဒီဖက်ကို လာလည်ကြတာများတယ်။ သူတို့က ကားမောင်းတာ အရမ်းမြန်သလို ဒီနေရာမှာကလည်း လူကူးမျဉ်းကျားမရှိတော့ သူတို့က ဖြေးဖြေးမောင်းမှာမဟုတ်တဲ့အတွက် တားမြစ်ထားတဲ့ ကြားက အဲ့လမ်းကနေ ကူးသွားကြမယ်ဆိုရင် အတော်သတိထားဖို့လိုတယ်။ အန္တရာယ် အရမ်းများတယ်။"ဟု ၎င်းက ဆက်လက်၍ သတိပေးပြောကြားသည်။
တာချီလိတ်မြို့တွင် နေထိုင်သူများနှင့် တာချီလိတ်မြို့သို့ လာရောက်လည်သူများသည် တာချီလိတ်မြို့၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လည်ပတ်ရာတွင် မဖြစ်မနေ လိုတပ် (Tesco Lotus ) သို့မဟုတ် မက်ခိုး ( Makro )သို့ ဈေးဝင်ဝယ်လေ့ရှိကြသည်။