ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်မှုထမ်းတပ်သားသစ်ကောက်ယူနေပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ နောက်ဆုံးထားစာရင်းပေးရန် အုပ်ချုပ်ရေးမှူးရုံးများအား စစ်ကောင်စီက ဖိအားပေးနေသည်ဟု KNU ဗဟိုထံမှ သိရသည်။
စစ်ကောင်စီတပ်က လှိုင်းဘွဲ့ဗျူဟာရုံးတွင် လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက် က၊ ဃ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကိုနှင့် တခေးလိုကျေးရွာ အုပ်ချုပ်ရေးမှူးများအားခေါ်ယူ၍ လုံခြုံရေးအစည်းအဝေးနှင့် စစ်မှုထမ်းခြင်း အကြောင်းအရာများအား အစည်းအဝေးပြုလုပ်သည်ဟု ဆိုသည်။
အဆိုပါအစည်းအဝေးတွင် စစ်မှုထမ်းများကောက်ခံရန်ဖိအားပေးပြီး ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် နောက်ဆုံးထား၍ အပါတ်စဉ် (၈)အတွက် စစ်မှုထမ်းတပ်သားအသစ်များအား ဗျူဟာရုံးသို့အရောက်ပို့ဆောင်ရန် ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ဖိအားပေးသည်ဟု သိရသည်။
ဗိုလ်မှူးကြီးစိုးမင်းအောင်၏ တောင်းဆိုမှုတွင် ကျေးနယ်တစ်ခုမှ လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက လူတစ်ဦးအစား ကျပ်ငွေသိန်း(၃၀)ပေးရမည်ဖြစ်ကာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြို့အဝင်၊ အထွက်ဂိတ်များမှနေ၍ စစ်မှုထမ်းပေါ်တာဆွဲမည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စစ်မှုထမ်းအကြောင်းအရာဆိုင်ရာ နောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူ၍ အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးရွာများအနေဖြင့် အပါတ်စဉ် (၈)တွင် တစ်အုပ်စုမှ တစ်ဦးနှုန်း ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် နောက်ဆုံးထားပေးရန် ထပ်မံဖိအားပေးသည်ဟု သိရသည်။
#TachileikNewsAgency
Photo: ရှမ်းအရှေ့ ကျိုင်းတုံမြို့တွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၅ တက်ရောက်မည့်သူများကို တွေ့ရစဥ်