ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျကာ ဒေသခံ(၃)ဦး ထိမှန်ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် သရက်ကုန်းတောင်ဘက်မှနေ၍ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၃)လုံး ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အမှတ်(၁)သကြားစက်ရုံဝန်းသို့ တစ်လုံး၊ စက်ရုံဘေးသို့ (၂)လုံး ကျကာ စက်ရုံဝန်ထမ်း အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိမှန်ဒဏ်ရာရသည်ဟု သိရသည်။
အမျိုးသား (၂)ဦးတွင် ဦးခေါင်းထိမှန်ဒဏ်ရာနှင့် အမျိုးသမီးတွင် ပေါင်ထိမှန်ဒဏ်ရာတို့ရရှိကာ ကား(၂)စီးနှင့် နေအိမ်တချို့လည်း ပျက်စီးသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများရှိ ပြည်သူလူထုများ အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်မရှိစေရန်အလိုငှာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူလူထုများအနေဖြင့် အထူးဂရုပြုကြရန်လိုအပ်သည်ဟု TNLA ဘက်က အသိပေးသည်။
တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်မှု တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က နိုဝင်ဘာလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် (၅)ရက်အကြာတွင် စစ်ကောင်စီတပ်သည် ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၁၀)ဦးသေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
#TachileikNewsAgency
Photo: PSLF/TNLA News