၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာအား စောင့်ကြည့်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောဆိုသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား စောင်ကြည့်လေ့လာခွင့် စံနှုန်းနှင့်အညီ ခွင့်ပြုပေးသွားမည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား လေ့လာခွင့်သာပြုခဲ့ပြီး စောင့်ကြည့်ခွင့် မပြုခဲ့ဘဲ ၊ ယခု ၂၀၂၅ ရွေးကောက်ပွဲတွင် လေ့လာခွင့်နှင့် စောင့်ကြည့်ခွင့်ပါ ပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ဆိုသည်။
ယခုခွင့်ပြုမည့် အချက်များတွင် ရွေးကောက်ပွဲ ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အမိန့် ၊ ညွှန်ကြားချက်များ စောင့်ကြည့်လေ့လာခြင်း ၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းတို့ကို စောင့်ကြည့်လေ့လာခြင်း ၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း စသည့်အချက်များ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲအား နိုင်ငံရေးပါတီ (၅၃)ပါတီမှ ဥက္ကဌများ ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံအနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေစဉ် စစ်ကောင်စီအနေဖြင့် လုံခြုံစိတ်ချရသည့် ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေ မရှိသည့်အတွက် ၊ မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုသည့် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ကန့်ကွက် ဝေဖန်မှုများလည်း ရှိနေသည်။
#TachileikNewsAgency