စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Wolf Guerrilla LPDF (Ye-U) မှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀)ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် ရေဦးမြို့နယ် တိုင်းရင်းဆေးရုံအတွင်းသို့ ဗိုလ်ရုက္ခစိုး ဦးဆောင်သည့် Wolf Guerrilla LPDF အဖွဲ့မှ ဒီဇင်ဘာလ (၃)ရက်နေ့ ည (၇)နာရီခွဲခန့်တွင် လက်နက်ကြီး (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Wolf Guerrilla LPDF မှ ပစ်ခတ်သည့် လက်နက်ကြီးများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာ အဆောက်အဦးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ပစ်ခတ်မှုအပြီး စစ်ကောင်စီဘက်မှ (၈၁)မမ လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
#TachileikNewsAgency
Photo: Wolf Guerrilla LDF Ye.U Air Force (ပုံဟောင်း)