တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ခြိမ်းခြောက် ငွေညစ် ဓါးပြတိုက်ရာ၌ အရပ်သား၊ စစ်သားနှင့် ပြည်သူ့စစ်တို့ ပါဝင်သော်လည်း အရပ်သား (၈)ဦးကိုသာ တရားခံအဖြစ် သတင်းထုတ်ပြန်

တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ခြိမ်းခြောက် ငွေညစ် ဓါးပြတိုက်ရာ၌ အရပ်သား၊ စစ်သားနှင့် ပြည်သူ့စစ်တို့ ပါဝင်သော်လည်း အရပ်သား (၈)ဦးကိုသာ တရားခံအဖြစ် သတင်းထုတ်ပြန်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းကစား နေရာများကို အဓိက ဦးတည်ကာ ပစ်မှတ်ထားပြီး ဓါးပြတိုက် ခြိမ်းခြောက် ငွေညစ်သည့် အဖွဲ့ အချို့ကို ဖမ်းဆီးရမိရာတွင် အရပ်သားများအပြင် စစ်သားနှင့်ပြည်သူ့စစ်တို့ ပါဝင်နေသော်လည်း  စစ်ကောင်စီဘက်က စစ်သားနှင့်ပြည်သူ့စစ်တို့ကို တရားခံစာရင်းက ပယ်ထားပြီး အရပ်သားများကိုသာ တရားခံစာရင်းထဲ ထည့်ပြီး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

"တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့် တောင်းယူခဲ့သူ အမျိုးသား (၈)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ"ဟု စစ်ကောင်စီဘက်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

မြေပြင် အမှန်တကယ်မှာ နေအိမ်များကို မဟုတ်ဘဲ တာချီလိတ်မြို့ပေါ်တွင် အုပ်ချုပ်ရေးပိုင်း၊ ရဲတပ်ဖွဲ့ နှင့် နယ်မြေခံတပ်တို့အား လစဉ်ကြေးပေးကာ လုပ်ကိုင်ခွင့်ရရှိထားသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများအနက်  အချို့ အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာများကို ပစ်မှတ်ထားကာ  ခြိမ်းခြောက် ငွေတောင်းခြင်း၊ ဓါးပြတိုက်ခြင်း နှင့် ရဲနှင့်စစ်တပ် တို့၏ ယူနီဖောင်းများ ပြောက်ကြားဝတ်စုံများဝတ်ပြီး ဖမ်းဆီးရေး ပြုလုပ်သည့် အသွင်ပြုလုပ်ကာ ငွေညစ်ခြင်းများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"နိုဝင်ဘာလ(၂၆)ရက်နေ့က အွန်လိုင်းလောင်းကစားနေရာကို ဓါးပြတိုက်တဲ့အချိန်က ပြည်သူ့စစ်နဲ့စစ်သားတွေ ပါတယ်။ စစ်တပ်သိက္ခာကျမှာဆိုးလို့ နာမည်ပျက်မှာဆိုးလို့ ဆိုပြီး သူတို့ လူကို စာရင်းဖျောက်ထားတာ ဖမ်းမိတဲ့အထဲမှာ စစ်သား(၅)ဦး နဲ့ ပြည်သူ့စစ် တစ်ဦး ပါတယ်။ အဲ့ဒီ (၆)ဦးကို စစ်ဗျူဟာမှာ ထားထားတယ်။ တိုင်းမှူးကို တင်ပြထားတယ်လို့တော့ သိရတယ်။ ဘာဆက်လုပ်မလဲ မသိသေးဘူး။ လောလောဆယ်တော့ တရားခံတွေအဖြစ် အရပ်သားကိုပဲ ထုတ်ပြထားတယ်။"ဟု တပ်ဖက်နှင့်နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂)ရက်နေ့တွင်ပြောသည်။



၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ နှင့် သီဟ၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦး နှင့် မျိုးဦး(ခ)ဝေယံ၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင် (ခ)အရှည်ကြီး နှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်တို့ (၈)ဦးအား   Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ M16 ပုံစံတူ (Air Gun) (၁)လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ( ၁ )လက်၊ ပြောက်ကြားဦးထုပ် နှင့် ပြောက်ကြားယူနီဖောင်း (၂)စုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း နှင့် နောက်ထပ် တရားခံ မဲကြီးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ဖော်ပြထားသည်။

အရပ်သား (၈)ဦးကို တရားခံများအဖြစ် သတင်းထုတ်ပြန်ထားသော်လည်း   စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်တွင် ထိန်းသိမ်းထားသည့် စစ်သား (၅)ဦး နှင့် ပြည်သူ့စစ် (၁)ဦးတို့၏ အမည်များကို မဖော်ပြထားသလို ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားခြင်းမရှိဘဲ လျှို့ဝှက်ထားသည်။

 စစ်သားနှင့်ပြည်သူ့စစ်တို့ ပါဝင်သည့် ဓါးပြအဖွဲ့ကို တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်သော်လည်း စစ်တပ်က ဝင်ရောက် စွက်ဖက်ကာ စစ်သား (၅)ဦး နှင့် ပြည်သူ့စစ် (၁)ဦးတို့ကို ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဖမ်းမိတာက ရဲက ဖမ်းတာ။ အဲ့ဒါကို တပ်က စာရင်းအဖျောက်လုပ်လိုက်တာ။ သူတို့လူ သူတို့ကိုင်တွယ်မယ်ဆိုတဲ့သဘောလား။ အကာအကွယ်ပေးဖို့လား မသိပေမဲ့ မနေ့ညက သတင်းထုတ်ပြန်လာတော့ အချက်အလက်နဲ့ အကြောင်းအရာတွေက တော်တော်များများ ကွဲလွဲနေပြီး ဖမ်းမိတဲ့လူတွေ အကုန်ပါမလာဘူး။ တပ်က နေရာတကာ ခြယ်လှယ်နေတာ။ ရဲက ဖမ်းလိုက်လို့ သူတို့နဲ့ ရင်းနှီးနေတယ် ဗျူဟာမှူးတို့ စရဖ ဗိုလ်ကြီးတို့ရဲ့ အသိမိတ်ဆွေပါဆိုပြီး လာလာခေါ်ထုတ်သွားတဲ့ တရုတ်တွေလည်း မနည်းသလို အဲ့လိုတွေ ခဏခဏ များနေပြီ။ အခုလည်း သတင်းထုတ်ပြန်လာချက်က တော်တော်လေး လွဲနေတာတွေ့ရတယ်။ တဆက်တည်း ပြောရရင် အောက်တိုဘာလအတွင်းက နိုင်ငံရေးကိစ္စနဲ့ ဖမ်းခံရတဲ့ ယောဟန်ဆိုရင်လည်း ရဲလက်ကနေ တပ်က လက်လွဲယူသွားတာ အခုထိ သေသလား ရှင်သလားဘာမှ မသိရသေးဘူး။ စစ်တပ်လက်ထဲမှာ အစအန ပျောက်နေတယ်။ အဲ့လိုပဲ ရဲအလုပ်ကို ရဲက မလုပ်ရဘဲ တပ်က ဝင်လုပ်ချင်တိုင်း လုပ်နေတာတွေ့နေရတယ်"ဟု တာချီလိတ်ရဲတပ်ဖွဲ့နှင့် အနီးစပ်ဆုံး ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

 

တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်း အများစုတွင် စစ်တပ်နှင့် အနီးစပ်ဆုံး လုပ်ငန်းရှင်များ နှင့် စစ်ထွက်၊ ဗိုလ်ပြုတ်များက သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ တပ်နယ် နှင့် အုပ်ချုပ်ရေးပိုင်းတို့အကြား တာဝန်ခံများအဖြစ် လုပ်ဆောင်ပြီး လစဉ်ကြေး ခွဲဝေပေးမှုများ နှင့် ဖမ်းဆီးရေး ကြိုတင်သတင်းပေး ကိစ္စရပ်များအတွက် အပေးအယူ လုပ်ဆောင်ခြင်းများအဖြစ် ပွဲစားသဖွယ် လုပ်ကိုင်ကြသည်များရှိသလို ယခုလို ကြားပွဲစား ပြုလုပ်လိုသူများကလည်း စစ်တပ်ကို ငွေပေးကာ ပြည်သူ့စစ်ခေါင်းဆောင်များအဖြစ် လုပ်ဆောင်နေကြသလို မြို့ပေါ် ပြည်သူ့စစ်အချို့မှာ လစဉ်ကြေး လိုက်လံ ကောက်ခံပေးနေရကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် နောက်ဆုံးဖြစ်စဉ်အနေဖြင့်  တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့သွားလမ်းပေါ်  မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်တွင်  ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်  အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း လူငယ်(၅)ဦးတို့အား  Crown အမျိုးအစား အဖြူ ရောင်ကား နှင့် ဆိုင်ကယ်တို့ဖြင့်  ရောက်ရှိလာသည့်  အမျိုးသား စုစုပေါင်း (၈)ဦးသည် သေနတ်များ ကိုင်ဆောင်ပြီး ဖမ်းဆီးရာမှာ မိုးပေါ် သေနတ်ပစ် ဖောက်ခြောက်လန့်ပြီး လိုက်လံ ရိုက်နှက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးပြီး အဆိုပါ ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေသော်လည်း စုံစမ်းဖော်ထုတ် ရမိခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီ(ဗဟို)၏ သတင်းထုတ်ပြန်ချက် နှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်းကနေ ဗဟိုအဆင့်အထိ စစ်ကောင်စီအဖွဲ့သည် အောက်ခြေ အဆင့်ဆင့်က လိမ်လည်တင်ပြလာသည်ကို စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ တင်ပြလာသမျှကို အမှန်ထင်ပြီး ဆက်လက် လုပ်ဆောင်ခြင်း၊ သတင်းထုတ်ပြန်ခြင်းများကို ပြုလုပ်လေ့ရှိသည်။