ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့သစ် ဖလန်စောင်လမ်းမပေါ်ရှိ တံတားသစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပြိုကျမှုဖြစ်ပြီး မြန်မာလုပ်သား (၄)ဦးအပါ (၅)ဦး သေဆုံးသွားသည်ဟု မြန်မာလုပ်သားအရေးကူညီပေးနေသူများထံမှ သိရသည်။
ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်အစောပိုင်းတွင် ဖလန်စောင်လမ်းမပေါ်၌ တည်ဆောက်နေဆဲဖြစ်သည့် ဂုံးကျော်တံတားပေါ် ကို ကရိန်းဖြင့် သံဘောင်တင်ရာက ပြုတ်ကျမှုဖြစ်ပြီး ကွန်ကရစ်တုံးများနှင့် သံဘောင်များပိကာ မြန်မာလုပ်သား (၄)ဦး အပါအဝင် (၅)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိထားသည်ဟု သိရသည်။
“သေဆုံးသူ ၅ ဦးမှာ မြန်မာလုပ်သား ၄ ဦးပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးမှာလည်း မြန်မာတွေပါလားတော့ မသိရသေးဘူး။ အခုထိတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဘက်က ဆက်သွယ်လာတာမရှိသေးဘူး။”ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဒဏ်ရာရရှိသူများကို လူမူကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးထားရပြီး အဆိုပါ တံတားသည် ပြီးခဲ့သည့်နှစ်ကလည်း ပြိုကျခြင်းကြောင့် လူထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့သေးသည်ဟု သိရသည်။
“ဒီလုပ်ငန်းခွင်က အထောက်အထားရှိတဲ့ မြန်မာလုပ်သားတွေကိုပဲ အလုပ်လုပ်ခွင့်ပြုတာများတယ်။ သေဆုံးသူတွေ အထောက်အထား ရှိရှိ၊ မရှိရှိ လုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးတာဖြစ်လို့ သေချာပေါက် နစ်နာကြေးတွေ ရရှိခံစားရမှာပါ။ ကျန်ရစ်သူမိသားစုတွေက ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ သတိပေး တိုက်တွန်းလိုက်ရပါတယ်။”ဟု AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
တာဝန်ရှိသူများဘက်က စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး ကွန်ကရစ်တုံးများနှင့် သံဘောင်များအောက်တွင်ရောက်နေသည့် သေဆုံးအလုပ်သမားများ၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Internet