သံဖြူဇရပ်နှင့် မုဒုံတို့ရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား မွန်ပြည်သစ်ပါတီ (AD)မှ ဒရုန်းဖြင့် တိုက်ခိုက်

သံဖြူဇရပ်နှင့် မုဒုံတို့ရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များအား မွန်ပြည်သစ်ပါတီ (AD)မှ ဒရုန်းဖြင့် တိုက်ခိုက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် မုဒုံမြို့တို့ရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များဖြစ်သည့် စစ်ဆေးရေးဂိတ်နှင့် အမြှောက်တပ်စခန်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တပ်ထံမှ သိရသည်။

သံဖြူဇရပ်မြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ဖောင်စိန်စစ်ဆေးဂိတ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (AD) မှ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပြီး ၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြှောက်တပ် (၃၁၈)ကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အရာရှိ (၂)ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်လာသည့် တပ်ဖွဲ့သစ်ဖြစ်ပြီး မဟာမိတ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် PDF တပ်ဖွဲ့များနှင့်အတူ မွန်ပြည်နယ်အတွင်းရှိ မုဒုံ ၊ ကျိုက်မရော ၊ ရေး ၊ သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားလျှက်ရှိသည်။

#TachileikNewsAgency

Photo: New Mon State Party-AD