တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ခြေလျှင်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနှင့် ရမ်းဖိုကျေးရွာကြားရှိ ပြင်ဝန်းကျေးရွာအနီးတွင် ခြေလျှင်တက်လာသည့် အင်အား (၈၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်း (၁၀)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်သည်။

မိုင်းဖောက်ခွဲတိုက်ခိုက်ရာတွင် မိုင်း (၇)လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီးနောက် VIGO ကားဖြင့် (၄)ကြိမ် ဒဏ်ရာရရှိသူများအား လာရောက်သယ်ဆောင်သွားခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများသည် အခင်းဖြစ်ပွားရာနေရာအနီးတွင်ရှိသည့် ပြင်ဝန်းကျေးရွာအနီး နေအိမ် (၅)လုံးအား မီးရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီမြို့နယ် ပကဖ ဇုန် (၃) တနင်္သာရီရိုးမအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်