မိုးဗြဲကိုစစ်ကောင်စီဗုံးကြဲပြီး ဖယ်ခုံကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရ

မိုးဗြဲကိုစစ်ကောင်စီဗုံးကြဲပြီး ဖယ်ခုံကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရ

ကရင်နီပြည်နယ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ည(၁၀)နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်(၃)လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး နေအိမ်(၃)လုံးပျက်စီးသည်ဟု သိရသည်။

“မနေ့ညက ဗုံးကြဲတော့ နေအိမ်(၃)လုံး ပျက်စီးသွားတာရှိတယ်။ တောင်ယာခင်းထဲမှာ ကျတာပါ။ လူမရှိတော့ အရပ်သားထိခိုက်မှုမရှိဘူးဗျ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ကို အင်အား(၅၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် မိုးဗြဲမြို့ရှိဒေသခံများ တိမ်းရှောင်နေကြရပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးလာကြဲခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက ဗုံးကြဲပြီးတော့ ဒီမနက်တော့ လက်နက်ကြီးနဲ့ပစ်တယ်။ မိုးဗြဲထဲကိုတော့ မဟုတ်ပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ဖယ်ခုံမြို့နယ် ရွှေစမ်း၊ နောင်လိုင်ဘက်သို့ ယနေ့နံနက်ပိုင်းက ပစ်ခတ်ရာ ရွှေစမ်းရှိ အရပ်သားတစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ