ရခိုင်ဒေသ တစ်နှစ်တာ စစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများတွင် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲအစည်းများမှ ရဲဘော်များကို အလေးအနက်မှတ်တမ်းတင် ဂုဏ်ပြုကြောင်း AA က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဖော်ပြသည်။
တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြိုသိမ်းတိုက်ပွဲများတွင် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသော အာရက္ခတပ်တော်နှင့် မိတ်ဖက်အဖွဲအစည်းများမှ သတ္တိပြောင်မြောက်သော စစ်သည်တော်များ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော စစ်သည်တော်များနှင့် စစ်ဆင်ရေးကို ပုံစံတစ်မျိုးမျိုးဖြင့် အထောက်အပံ့ဖြစ်စေသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်သောသူများအားလုံးကို အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု AA က ထုတ်ပြန်သည်။
ထို့အပြင် ရက္ခိုင်အမျိုးသားလှုပ်ရှားမှု၊ အာရက္ခပြည်သူ့တော်လှန်ရေးကာလအတွင်း အဘက်ဘက်မှ ပုံစံအမျိုးမျိုးဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသော အာရက္ခဒေသနေပြည်သူများ၊ အဖွဲအစည်းနှင့် လူမျိုးကို အားပေးထောက်ခံကြသောပြည်သူများ၊ မဟာမိတ်အဖွဲအစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းအချို့နှင့် ကျေးဇူးတင်ထိုက်သောသူများအားလုံးကိုလည်း လေးနက်စွာ ကျေးဇူးအထူးတင်ရှိသည်ဟု ဆိုသည်။
အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြိုများတွင် ပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများကို မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက်ဆင်နွှဲရင်း တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်နေကာ လိုအပ်သည်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း AA သည် ရခိုင်ပြည်နယ်ရှိ မြို့များထဲမှ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ပေါက်တောမြို့၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျောက်တော်မြို့၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် မြေပုံမြို့၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မြောက်ဦးမြို့၊
ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် မင်းပြားမြို့၊ မတ်လ(၄)ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့၊ မတ်လ(၁၁)ရက်နေ့တွင် ရမ်းဗြဲမြို့၊ မတ်လ(၁၇)ရက်နေ့တွင် ရသေ့တောင်မြို့၊ မေလ (၁၈)ရက်နေ့တွင် ဘူးသီးတောင်မြို့နှင့် စက်တင်ဘာလ (၅)ရက်နေ့တွင် သံတွဲမြို့အား သိမ်းပိုက်ခဲ့နိုင်ခဲ့ခြင်းဖြစ်သည်။
AA သည် ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးကို ဆက်လက်အကောင်အထည်ဖော်နေသည်ဟုလည်း ထုတ်ပြန်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။
#TachileikNewsAgency
Photo: AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)