မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး ဒဏ်ရာရပြီး နေအိမ်များပျက်စီး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၁)ဦး ဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် အဆောက်အဦးများ ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာအကြားရှိ ကြက်ခြံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၁၁)ဦး ဒဏ်ရာရပြီး နိုဝင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းတွင်လည်း မြစ်သာရွာနှင့် ဆူးလေကုန်းရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

“မြောင်နယ် မကျည်းဘုတ်နဲ့ တွင်းကြီးကြားက ပြည်သူပိုင် ကြက်မွေးမြူရေးခြံတစ်ခုကို စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ ကြက်ခြံကတော့ မီးလောင်ပျက်ဆီးသွားတယ်။ မနေ့ညနေပိုင်းက မြစ်သာရွာနဲ့ ဆူးလေကုန်းရွာကို ဖိုက်တာ (၂)စီးနဲ့ (၂)ကြိမ် တိုက်ခိုက်မှုလုပ်သွားရာ ထိခိုက်မှုရှိပြီး ပျက်စီးမှုလဲရှိခဲ့ပါတယ်။ ”ဟု ကိုနွေဦး-မြောင်က ပြောသည်။

စစ်ကောင်စီတပ်သည် မကျည်းဘုတ်အနီးရှိ ကြက်ခြံကို ပထမတစ်ကြိမ် ဗုံး(၂)လုံးချပြီးနောက် ရော့ကတ်ဖြင့် (၃)ကြိမ်ပစ်ခတ်ကာ ဒုတိယအကြိမ်တွင် ဗုံးထပ်ကြဲခြင်းကြောင့်  ကြက်ခြံမီးလောင်ကာ ကြက်များအပြား သေဆုံးသည်ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပဲ ခူးနေရာမှ ပြေးပုန်းကြရသည့် အမျိုးသမီး(၉)ဦး ကျည်စထိမှန်ဒဏ်ရာရကာ ကြက်ခြံပိုင်ရှင်၏ အသက်(၃)နှစ်သား ကလေးနှင့်  အခြားအမျိုးသားတစ်ဦးတို့်လည်း ကျည်စထိမှန်ဒဏ်ရာရသည်ဟု သိရသည်။

ပြီးခဲ့သည့် (၁၀)ရက်ကျော်ကတည်းက မြောင်မြို့နယ်ရှိ ဇရပ်ကုန်း၊ မြစ်သာ၊ မြစ်ဆုံ ဘက်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်မည်ဟု သတင်းထွက်ပေါ်ထားရာက နိုဝင်ဘာလ (၁၂)ရက်နေ့က ဇရပ်ကုန်း၊ မကျည်းဘုတ်အနီးရှိ ကြက်ခြံနှင့် မြစ်သာရွာ၊ ဆူးလေကုန်းတို့ကို  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ