ဖယ်ခုံမြို့နယ်မှ ကောက်ရိတ်ပြီးပြန်လာသူ ၂၀၀ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဖယ်ခုံမြို့နယ်မှ ကောက်ရိတ်ပြီးပြန်လာသူ ၂၀၀ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
နိုဝင်ဘာ 13, 2024 | 2021 Military Coup| ကယား

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာမှ ကောက်ရိတ်ပြန်လာသော အရပ်သား(၂၀၀)ဦးကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့က ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း KNDF ဗဟိုက ယနေ့ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ဖမ်းဆီးထားသော အရပ်သား(၂၀၀)ဦးအား စစ်ကောင်စီတပ်မှ ပင်လောင်းမြို့ အားကစားရုံအတွင်း ထိန်းသိမ်းထားကြောင်း ကနဦးသိရပြီး ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အမျိူးသား၊ အမျိုးသမီး မည်မျှပါဝင်သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။ 

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပင်လောင်း-ဖယ်ခုံကြားရှိ၊ နန့်ဖာမူ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက် ကျေးရွာများ နှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းများကို လုပ်ဆောင်ကြောင်း KNDF က ဆိုသည်။ 

ထို့အပြင် စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၀၀)မက လုပ်ဆောင်ခဲ့သည့်အပြင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများနှင့် စစ်ရှောင်စခန်းများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား(၆)ဦး သေဆုံးခဲ့ရပြီး (၅)ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: KNDF - Karenni Nationalities Defence Force